ကျောင်းခေါင်းလောင်းသံ၊ ပရဟိတစက်ဘီးနဲ့ အဖြူအစိမ်းဝတ် အပြုံးပန်းလေးများ

ကျောင်းခေါင်းလောင်းသံ၊ ပရဟိတစက်ဘီးနဲ့ အဖြူအစိမ်းဝတ် အပြုံးပန်းလေးများ

ရန်ကုန်၊ ဇွန် ၂၀ ။          ။ ကလင်၊ ကလင် စက်ဘီးဘဲလ်သံလေးတွေ လေထဲမှာ ပျံလွင့်နေပါတယ်။ အဖြူအစိမ်းကိုယ်စီနဲ့ ကျောင်းသားကျောင်းသူလေးတွေဟာ စက်ဘီးသစ်လေးတွေ ကိုယ်စီ စီးကြရင်း  ကျောင်းတက်ချိန် အပြုံးပန်းတွေ ဝေလို့ ပျော်ရွှင်နေကြပါတယ်။

လူဦးရေ တစ်ဝက်ကျော်မက ဆင်းရဲနွမ်းပါးတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ်တွေ ပညာရေးကို အလွယ်တကူ သင်ကြားနိုင်ဖို့ စက်ဘီးတွေ လှူဒါန်းတဲ့ ပရဟိတအစီအစဉ်ရဲ့ အစပျိုးမှာပဲ ခုလို ပျော်ရွှင်ကြည်နူးဖွယ် မြင်ကွင်းကို တွေ့မြင်ရတာပါ။

မန္တလေးက စွန့်ဦီးစီးပွားရေးလုပ်ငန်းရှင် ဦးမိုက်သန်းထွန်းဝင်းရဲ့ Lesswalk ဆိုတဲ့ ပရိဟိတအစီအစဉ်ရဲ့ တစ််စိတ်တစ်ပိုင်းအဖြစ် စင်ကာပူနဲ့ မလေးရှားကနေ တင်သွင်းလာတဲ့ ပြန််လည်ပြုပြင်ထားတဲ့ စက်ဘီးတွေကို ရန်ကုန်အနီးက နွယ်ကုန်းကျေးရွာမှာ စတင်လှူဒါန်းမှု ပြုနေတာ ဖြစ်ပါတယ်။

“သမီး စာသင်စာကျက်ဖို့နဲ့ သူငယ်ချင်းတွေနဲ့ ဆော့ကစားဖို့ ပိုပြီး အချိန်ရလာတာပေါ့။”လို့ ကျောင်းတက််ဖို့ နှစ်နာရီကြာ ခြောက်မိုင်ခရီးကို ခြေလျင် သွားစရာ မလိုတော့တဲ့ မသဲစုဝေက ပြောပါတယ်။

အသက် ၁၁ နှစ်အရွယ် မသဲစုဝေဟာ Lesswalk အစီအစဉ်ရဲ့ ပထမဆုံး ကျောင်းသားကျောင်းသူ ၂၀၀ ကို စက်ဘီး လှူဒါန်းမှုမှာ စက်ဘီးသစ်လေးတစ်စီး ပိုင်ဆိုင်ရရှိလိုက်တဲ့ ကျောင်းသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။

Lesswalk အစီအစဉ်ကို လုပ်ဆောင်သူ ဦးမိုက်သန်းထွန်းဝင်းဟာ စင်ကာပူမှာ ကြီးပြင်ပညာသင်ကြားပြီး လွန်ခဲ့တဲ့ ရှစ်နှစ်ကမှ စီးပွားရေးဘွဲ့နဲ့ မြန်မာနိုင်ငံဆီ ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါတယ်။

“ဒီမှာ ကျောင်းသားကျောင်းသူ ကလေးငယ်လေးတွေဟာ ကျောင်းတက်ဖို့အတွက် အချိန်အကြာကြီး လမ်းလျှောက်သွားနေရတာကို ကျွန်တော် မြင်တွေ့နေရတယ်။ တကယ့်ကို စိတ်မကောင်း ဖြစ်မိတယ်။”လို့ အသက် ၃၃ နှစ်အရွယ် ဦးမိုက်သန်းထွန်းဝင်းက အေအက်ဖ်ပီကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကလေးငယ် ၅၅ ရာခိုင်နှုန်းဟာ ဆင်းရဲစွာ နေထိုင်နေရပြီး အသက် ၁၇ အရွယ်ဦးရေရဲ့ တစ်ဝက်ဟာ စာနည်းနည်းပဲ တတ်မြောက်တာ ဒါမှမဟုတ် စာမတတ်မြောက်ဘဲ လူလားမြောက်လာကြတယ်လို့ ယူနီဆက်ဖ်က ခန့်မှန်းထားပါတယ်။

ဦးမိုက်သန်းထွန်းဝင်းအနေနဲ့ စက်ဘီးအငှားကုမ္ပဏီတွေ ဖြစ်တဲ့ oBike၊ Ofo နဲ့ Mobike ကုမ္ပဏီတွေဟာ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေမှာ လုပ်ငန်းဖျက်သိမ်းပြီး စက်ဘီးစီးရေ ထောင်သောင်းများစွာ အမှိုက််အဖြစ် စွန့်ပစ်တော့မယ်ဆိုတာကို ကြားသိတာနဲ့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်တော့တာ ဖြစ်ပါတယ်။

နည်းပညာရင်းနှီးမြုပ်နှံလုပ်ငန်းရှင် ဦးမိုက်သန်းထွန်းဝင်းဟာ ခုနှစ် အစောပိုင်းမှာ စက်ဘီးစီးရေ ၁၀၀၀၀ ကျော်ကို ဝယ်ယူပြီး မြန်မာနိုင်ငံဆီ တင်သွင်းလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စက်ဘီးတွေကို ပြုပြင်ပြီးနောက်မှာ လိမ္မော်ရောင်တောက်တောက်နဲ့ အဝါရောင် စက်ဘီးတွေကို ခုလို စတင်အလှူပြုလာတော့တာပဲ ဖြစ်ပါတယ်။

စက်ဘီးတစ်စီးရဲ့ တန်ဖိုးဟာ သင်္ဘောတင်ခနဲ့ ပို့ဆောင်ခတွေ အပါအဝင် အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ စရိတ်ရှိပြီး အဲဒီ ကုန်ကျစရိတ်မှာ အခြား လှူဒါန်းသူတွေကြောင့် သူဟာ တစ်ဝက်သာ ကျခံရကြောင်း သိရပါတယ်။

စက်ဘီးတွေကို လှူဒါန်းရာမှာတော့နှစ်ကီလိုမီတာခရီးကို ခြေလျင်သွားပြီး ကျောင်းတက်နေကြရတဲ့ အသက် ၁၃ နှစ်ကနေ ၁၆ နှစ်ကြား ကျောင်းသားကျောင်းသူတွေကို ဦးစားပေးသွားမယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly