ဇွန် ၁၉ ။ ။ ဂျပန်နိုင်ငံမှာ လာမယ့်အပတ်ထဲ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံကြဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ယင်းအတွက်ကြောင့်လည်း ကမ္ဘာ့အကြီးဆုံး စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြားက ကုန်သွယ်ရေးစစ်ကို ပြေငြိမ်းသွားစေနိုင်မယ့် မျှော်လင့်ချက်တွေကိုလည်း ရှင်သန်တိုးပွားလာစေခဲ့ပါတယ်။
အဆိုပါ ခေါင်းဆောင်နှစ်ဦးဟာ ဇွန်လ ၁၈ ရက်နေ့က တယ်လီဖုန်း ဆက် စကားပြောဆိုခဲ့ကြောင်း သိရပါတယ်။
ယင်းနောက် ယခုလို နှစ်ဦးသား တွေ့ဆုံမယ့် အစီအစဉ်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။
အဆိုပါ နှစ်နိုင်ငံကတော့ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိ ပို့ကုန်တွေအပေါ် အခွန်အကောက်တွေ အပြန်အလှန် ချမှတ်ရင်း ကုန်သွယ်ရေး ပဋိပက္ခတွေ ဖြစ်နေလျက် ရှိပါတယ်။