ဇွန် ၁၉ ။ ။ အိန္ဒိယနိုင်ငံ Jabalpur မြို့လယ်ခေါင်မှာတော့ မိသားစုတစ်စုဟာ ဆန်းသစ်တဲ့ သစ်ပင်အိမ်ကြီးတစ်လုံးမှာ နေထိုင်လျက် ရှိပါတယ်။
သစ်ပင်အိမ်လို့ ဆိုရာမှာတော့ ယင်းက သစ်ပင်ကြီးတစ်ပင်အပေါ်မှာ အိမ်ဆောက်နေထိုင်တာကို ဆိုလိုတာမဟုတ်ပါဘူး။
ယင်းအစား ၎င်းမိသားစုဟာ နှစ် ၁၅၀ သက်တမ်းရှိ အပင်ကြီးတစ်ပင်ကို ပတ်လည်ပြုပြီး အိမ်ဆောက်နေထိုင်နေခြင်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံသား ကီရှာဝါနစ် တို့ မိသားစုကတော့ ၎င်းတို့ရဲ့ မူလနေအိမ်ကို တိုးချဲ့ဆောက်ဖို့ ဆုံးဖြတ်ခဲ့ချိန်တုန်းက ခြံဝန်းထဲက အဆိုပါ သက်တမ်းရင့် သဖန်းပင်ကြီးကို ရှင်းပစ်ဖို့လိုအပ်ခဲ့ပါတယ်။
ဒါပေမယ့် ၎င်းတို့မိသားစုဟာ ယင်း သစ်ပင်ကြီးကို ခုတ်လှဲပစ်စရာ မလိုဘဲနဲ့ အိမ်ကို ဆန်းသစ်တဲ့ နည်းလမ်းနဲ့ ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ယင်းအတွက်ကြောင့် ဒီ နှစ်ပေါင်း ရာကျော် သက်တမ်းရှိ သစ်ပင်ကြီးကို ခုတ်မပစ်ဘဲ အပင်ကြီးကို အိမ်အလယ်မှာ ထားကာ ဆောက်လုပ်ခဲ့ပါတယ်။
ခုဆိုရင်တော့ ယင်း နှစ် ၁၅၀ သက်တမ်းရှိ သစ်ပင်ကြီးကတော့ ၎င်းတို့ နေအိမ်ရဲ့ အထူးခြားဆုံး သင်္ကေတ ဖြစ်နေပြီ ဖြစ်ပါတယ်။
“ ကျွန်တော်တို့က သဘာဝ တရားကြီးကို ချစ်တဲ့သူတွေလေ၊ နောက်ပြီး ဒီအပင်ကြီးကို ဒီတိုင်း ထားဖို့ ကျွန်တော့အဖေကလည်း အတန်တန် ပြောခဲ့ပါတယ်၊ ဒါကြောင့် ခုလို ဒီအပင်ကြီးကို အိမ်ထဲမှာ ထည့်ပြီး ဆောက်ခဲ့တာပါ၊ ခုဆို ဒီအပင်ကြီးက နှစ် ၁၅၀ ရှိသွားပါပြီ၊ ဒါ လှဲလိုက်ရင် ခဏလေးပါ၊ ဒါပေမယ့် ဒီလို ကြီးလာဖို့တော့ ခက်ပါတယ်” လို့ ယိုဂက်ရှ် ကီရှာဝါနစ်က ပြောသွားပါတယ်။
အိန္ဒိယမှာလည်း ဒီအပင်မျိုးကို အလေးအမြတ်ထားကြပြီး ဒီအပင်ကို ခုတ်လှဲခြင်းက နိမိတ် မကောင်းဘူးလို့ အယူရှိကြတယ်လို့ သိရပါတယ်။