ရန်ကုန်၊ ဇွန် ၈ ။ ။ ၈ နှစ်ကြာ ကချင်စစ်ပွဲ အပါအဝင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ စစ်ပွဲများ ရပ်တန့်ရေးအတွက် လူငယ်အဖွဲ့ ၃ ဖွဲ့စုပေါင်းပြီး ဆန္ဒထုတ်ဖော်မှုတစ်ရပ် ဇွန် ၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြသည်။
ကချင်လူငယ်အဖွဲ့(ရန်ကုန်)၊ ရခိုင်ကျောင်းသားသမဂ္ဂ၊ လူ့ဘောင်သစ်လူငယ်အဖွဲ့မှ လူငယ်အင်အား ၅၀ ခန့်က ဗိုလ်ချုပ်အောင်ဆန်းစျေး အရှေ့မှ စတင်ကာ ဆူးလေရှိ လူကူးဂုံးကျော်တံတားအထိ စီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
“ ကျွန်မတို့တိုင်းပြည်ရဲ့တစ်နေရာရာမှာ ပြည်သူတွေဟာ ပြည်တွင်းစစ်ဒဏ်ကို ခံနေရပါတယ်။ ဒါတွေကို မမေ့လျော့ကြဖို့ ဒီနေရာမှာအသိပေးဖို့ ရောက်ရှိနေကြခြင်းဖြစ်ပါတယ်” ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ဆိုသည်။
ဆန္ဒထုတ်ဖော်သူတွေက “ကချင်စစ်ဘေး (၈) နှစ်ပြည့်ပြီ” ၊ “စစ်ပွဲအလိုမရှိ” ၊ “ ငြိမ်းချမ်းရေးသည် လူထု အပိုင်ဖြစ်” ၊ “၈ နှစ်တာ စစ်ဘေးရှောင်” အစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထို့ပြင် လတ်တလော တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ဒေသများဖြစ်သည့် ကချင်၊ ရခိုင်ဒေသ ကိုယ်စားပြုအလံအချို့ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယင်းပွဲကို ခွင့်ပြုချက်မတင်ဟု ဆိုကာ သက်ဆိုင်ရာထွေအုပ်နှင့် ရဲအချို့တို့မှ လာရောက်တားဆီးမှုများ ရှိခဲ့သော်လည်း ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်ကို တွေ့ရသည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး KIA နှင့် တပ်မတော် အကြားလည်း စစ်တိုင်း ငါးတိုင်းတွင် အပစ်ရပ်ကာလ မပြီးဆုံးသေးသော်လည်း ထိတွေ့မှုများ ဖြစ်ပွားလျှက် ရှိသည်။