ရွေးကောက်ပွဲကာလ အမေရိကန်တို့ သတိထားရန် အမေရိကန်အစိုးရ နှိုးဆော်

ရွေးကောက်ပွဲကာလ အမေရိကန်တို့ သတိထားရန် အမေရိကန်အစိုးရ နှိုးဆော်

အောက်တိုဘာ ၈ ရက် ။             ။ နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲကျင်းပမည့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် အမေရိကန် နိုင်ငံသားအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် ကြိုတင်သိရှိပြင်ဆင်နိုင်ရေးအတွက် သတင်းများကို အချိန်နှင့်တပြေးညီ နားစွင့်ထားကြပါရန် အမေရိကန်အစိုးရက တိုက်တွန်းထားသည်။

ရွေးကောက်ပွဲကာလနှင့် အလွန်ကာလများအတွင်း သတိဝိရိယနှင့် နိုးနိုးကြားကြားနေရန်လည်း အောက်တိုဘာ ၇ ရက်နေ့ က တိုက်တွန်းထုတ်ပြန်ထားသည်။ ရွေးကောက်ပွဲကာလအတွင်း အနှောင့်အယှက်ပေးခံရနိုင်ခြင်း၊ အခက်အခဲများ ကြုံတွေ့ နိုင်သည်ကိုလည်း သတိထားရမည်ဟုလည်း ဖော်ပြသည်။

အောက်တိုဘာ ၇ ရက်နေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ ခရီးသွားသတိပေးနှိုးဆော်မှုကာလသည် ၂၀၁၅ ခု ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ အကြုံးဝင်သည်။

ဆန္ဒမဲပေးသည့်နေ့တွင် အမေရိကန်နိုင်ငံသားအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် အထူသတိထားကြရမည်ဖြစ်ပြီး နိုင်ငံရေးအရစီတန်းလှည့်လည်ခြင်း၊ မဲရုံများသို့သွားရောက်ခြင်း၊ ဆန္ဒပြခြင်းတို့ပါဝင်သည့် မည်သည့်လူစုလူဝေးများကိုမဆို ရှောင်ရှားကြရန်လည်း တိုက်တွန်းထားသည်။

ရွေးကောက်ပွဲ အကြမ်းဖက်မှုများတွင် အမေရိကန်နိုင်ငံသားများအပေါ် အထူးအာရုံစိုက် ပစ်မှတ်ထားနိုင်မည့် အကြောင်းတရား၊ ချက်အလက်များ မရှိသေးသော်လည်း မတည်မငြိမ်မှုများ အချိန်မရွေးဖြစ်ပေါ်နိုင်ပြီး အန္တရာယ် ရှိနိုင်သဖြင့် ကိုယ်ပိုင်လုံခြုံရေးအစီအစဉ်များကို အသေးစိတ်ပြန်လည်သုံးသပ်ရန်၊ မိမိ၏ ပတ်ဝန်းကျင်အနေအထားကို သတိထား လေ့လာထားရန်နှင့် နေ့စဉ်သတင်းများကို သိရှိထားသင့်သည်ဟုဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့၌လည်း မြန်မာရွေးကောက်ပွဲဆိုင်ရာအပါအဝင် အမေရိကန်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ အမေရိကန်သံအမတ် ဒဲရက်မစ်ရှဲက အမေရိကန်နိုင်ငံသားများအား ရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် ပြုလုပ်သွားမည်ဖြစ်သည်။

မန္တလေးမြို့သို့ရောက်ရှိနေထိုင်သည့် အမေရိကန်နိုင်ငံသားများအတွက်မူ ချမ်းအေးသာစံမြို့နယ်ရှိ Jefferson Center ၌ အမေရိကန်ဒုတိယသံအမတ်က ရှင်းလင်းပြောကြားခဲ့ကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly