နယူးဒေလီ၊ ဇွန် ၃ ။ ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ အပူလှိုင်းကျရောက်ဖြစ််ပေါ်နေပြီး အပူချိန် ၁၂၂ ဒီဂရီဖာရင်ဟိုက်(၅၀ ဒီဂရီဆဲလ်စီးရပ်စ်) ကျော်အထိ မြင့်တက်နေပါတယ်။
ခုလို စံချိန်တင်အပူချိန်မြင့်မားနေတာကြောင့် ရေရှားပါးပြတ်တောက်မှုနဲ့ အပူရှပ်တာတွေ ဖြစ်နိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
ရာဂျက်စတန်က ကန္တရဆန်တဲ့ ချူရုမြို့ရဲ့ အပူချိန်ဟာ ပြီးခဲ့တဲ့ စနေနေ့မှာဆိုရင် ၅၀ ဒသမ ၆ ဒီဂရီဆဲလ်စီးရပ်စ်ရှိကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
ဒီ ပြည်နယ်တစ်ခုလုံးဟာ အပူချိန်မြင့်မားနေပြီး မြို့တစ်ချို့မှာ အပူချိန်ဟာ ၄၇ ဒီဂရီဆဲလ်စီးရပ်စ်အထက်မှာ ရှိနေပါတယ်။
၂၀၁၆ ခုနှစ် မေလတုန်းက ရာဂျက်စတန်ပြည်နယ်က ပါလိုဒီမြို့မှာ စံချိန်တင်ခဲ့တဲ့ အပူချိန်ဟာ ၅၁ ဒီဂရီဆဲလ်စီးရပ်စ်(၁၂၃ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်) ရှိခဲ့တာ ဖြစ်ပါတယ်။
ရာဂျက်စတန်၊ မက်ဒဟာပရာဒက်ရှ်၊ ပန်ဂျပ်၊ ဟာယာနာနဲ့ ဥတာပရာဒက်ရှ်ပြည်နယ်တွေမှာ သီတင်းတစ််ပတ်တာအထိ အပူချိန် ဆက်လက်မြင့်မားနေဦးမယ်လို့ အိန္ဒိယ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
ခုလို အပူလှိုင်းကျရောက်မှုအတွင်းမှာ သေဆုံးသူတွေလည်း ရှိနေပါတယ်။
မြို့တော် နယူးဒေလီမှာ အပူချိန်က ၄၆ ဒီဂရီဆဲလ်စီးရပ်စ်အထိ မြင့်တက်နေတာကြောင့် အပူချိန်သတိပေးချက် အနီရောင်အဆင့် ထုတ်ပြန်ထားပြီး အပူချိန် အရမ်းမြင့်မားတဲ့ နေ့လယ်နေ့ခင်းအချိန််တွေမှာ အပြင်မထွက်ဖို့ မြို့ခံတွေကို အကြံပြုထားရပါတယ်။
အိန္ဒိယနိုင်ငံက လူချမ်းသာ အသိုင်းအဝိုင်း နွေရာသီမှာ အပူချိန် ရှောင်ပြီး သွားရောက်အပန်းဖြေလေ့ရှိတဲ့ တောင်တန်းဒေသပြည်နယ်တစ်ခုဖြစ်တဲ့ ဟီမာချယ်ပရာဒက်ရှ်မှာတောင် အပူချိန်ဟာ ၄၄ ဒသမ ၉ ဒီဂရီဆဲလ်စီးရပ်အထိ ရှိနေပါတယ်။