ဒူဘိုင်းတွင် ကျင်းပမည့် နိုင်ငံတကာစက်ရုပ်ပြပွဲတွင် ရန်ကုန်အသင်း ယှဉ်ပြိုင်ခွင့်ရ

ဒူဘိုင်းတွင် ကျင်းပမည့် နိုင်ငံတကာစက်ရုပ်ပြပွဲတွင် ရန်ကုန်အသင်း ယှဉ်ပြိုင်ခွင့်ရ

ရန်ကုန်၊ ဇွန် ၁ ။            ။ လာမည့် အောက်တိုဘာလတွင် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ ကျင်းပမည့် နိုင်ငံတကာအဆင့်စက်ရုပ်ပြိုင်ပွဲ FIRST Global Robotics Challenge တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရန်ကုန်အသင်းမှ ယှဉ်ပြိုင်ခွင့် ရခဲ့သည်။

ယနေ့ ဇွန် ၁ ရက်နေ့က ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည့် Myanmar RoboLeague 2019 တွင် အနိုင်ရခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးမှ ပြည်နယ်နှင့်တိုင်း ၁၄ ခုကို ကိုယ်စားပြုပြီး တက္ကသိုလ် ၁၄ ခုမှ လာရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များမှ အသက် ၁၉ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ဒူဘိုင်းသွားပြိုင်ပွဲဝင်ရန် အကုန်အကျခံဆောင်ရွက်ပေးသွားမည်ဟုလည်း သိရသည်။

“လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် မြန်မာနိုင်ငံဟာ တစ်ချိန်မှာ အောင်မြင်မှုတွေ အများကြီးရမယ် လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ယနေ့ပြိုင်ပွဲအဖွင့်တွင်  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောသည်။

တစ်သင်းလျှင် ၅ယောက်နှုန်း၊ နည်းပြအပါအဝင် ၆ ယောက်ဖြင့် ယှဉ်ပြိုင်ခဲ့သည့် Myanmar RoboLeague 2019 ကို ပညာရေးဝန်ကြီးဌာန၊ ဖန်တီးရာတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ ကူညီပံ့ပိုးပေးထားခြင်း ဖြစ်သည်။

FIRST Global Robotics Challenge စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ၂၀၁ရခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ် တွင် တစ်ကြိမ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ တွင် တတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာစက်ရုပ်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၁၅၇ နိုင်ငံ အနက် မြန်မာနိုင်ငံသည် အဆင့် ၆ ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly