၄ ကြိမ်မြောက် ကျပ် ၁ဝဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ရောင်းမကုန်ထီ ငါးသိန်းကျော်ရှိခဲ့

၄ ကြိမ်မြောက် ကျပ် ၁ဝဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ရောင်းမကုန်ထီ ငါးသိန်းကျော်ရှိခဲ့

ရန်ကုန်၊ ဇွန် ၁ ။             ။ ၄ကြိမ်မြောက် ကျပ် ၁ဝဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဇွန်လ ၁ ရက်နေ့က ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲတွင် ပြုလုပ်ခဲ့ပြီး ယခုအကြိမ်အတွင်း ရောင်းမကုန်ထီ ငါးသိန်းကျော် ရှိခဲ့ကြောင်း သိရသည်။

(၄) ကြိမ်မြောက် ကျပ် ၁ဝဝဝ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် "က" အက္ခရာမှ "ကည" အက္ခရာအထိ စုစုပေါင်းအက္ခရာ (၄၃) လုံးနဲ့ ထီစာအုပ် (၃၅၁၈၁၇၄) အုပ် ထုတ်ဝေခဲ့ပြီး  ထီစာအုပ် (၃ဝ၁၂၁၄၁) အုပ် ရောင်းရခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ထီစာအုပ် ၅သိန်းကျော် (၅ဝ၆ဝ၃၃) အုပ်မှာ ရောင်းမကုန်ထီ အဖြစ် ကျန်ရှိနေခြင်းဖြစ်သည်။
 

"ကျွန်တော်တို့ အောင်ဘာလေထီရဲ့ သဘောကတော့ တန်ဖိုးတိုးမြှင့်တိုင်းမှာ ထီလက်မှတ်တန်ဖိုးတွေ ပြောင်းလဲမှုရှိတိုင်းမှာ ဝယ်လိုအားကျဆင်းလာတတ်ပါတယ်။ ဒီလိုပဲ ရှေ့မှာ ပြောင်းလဲခဲ့တဲ့ အနီးဆုံး ၂ဝဝ ကျပ်တန်ကနေ ၅ဝဝ ကျပ်တန်ပြောင်းတဲ့ အချိန်မှာလည်း ၁ဝကြိမ်မြောက်ထိ မရောင်းရထီ ရှိခဲ့ပါတယ်။ အခု တစ်ထောင်တန် အပြောင်းမှာတော့ တစ်ကြိမ်မြောက်မှာ မကျန်ပါဘူး။ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် အားလုံးပေါင်း ၃ ကြိမ်မှာ ကျန်တာရှိခဲ့တယ်။ ဒီဟာသည် ထီလက်မှတ်တန်ဖိုးပြောင်းတိုင်းမှာ အပြောင်း အလဲရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ ကံစမ်းသူအနေနဲ့ကျတော့ လက်မှတ်အပြောင်းအလဲမှာ ဝယ်လိုအားတွေ ထိန်းသိမ်းတာ ရှိတယ်။ နောက် ထီလုပ်ငန်းရှင်တွေကလည်း ရောင်းနိုင်မယ်လို့ ခန့်မှန်းထားတဲ့ အရေအတွက်ထက် လျှော့ယူကြတာ ရှိပါတယ်။ အဲ့လို လျော့ယူတာကြောင့် ထီလက်မှတ်ကျန်တဲ့ အခြေအနေ ဖြစ်ပေါ်တဲ့ အနေအထားရှိပါတယ်" ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောသည်။
   
ကျပ် ၁ဝဝဝ ထောင်တန်ထီများ ရောင်းချရာတွင် ပထမအကြိမ်အောင်ဘာလေသိန်းဆုဖွင့်ပွဲ၌ ရောင်းမကုန်ထီ မရှိခဲ့သော်လည်း (၂) ကြိမ်မြောက်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ရောင်းမကုန်ထီ ၄ သိန်းကျော်ရှိခဲ့ပြီး (၃) ကြိမ်မြောက်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ရောင်းမကုန်ထီ ၂ သိန်းကျော်ရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် (၄)ကြိမ်မြောက်မှစ၍ ငါးရာတန်ထီရောင်းချမှုကို ရပ်ဆိုင်းခဲ့ပြီး အပြောင်းအလဲအဖြစ် ဒုတိယအမြင့်ဆုံး ဆုကို ကျပ်သိန်းတစ်သောင်း ချီးမြှင့်ခဲ့သည်။

"အရင်တုန်းက ၅ဝဝ တန်ထီမှာ အမြင့်ဆုံးဆုသည် သိန်းတစ်သောင်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် အရင်ကတော့ တစ်ထောင်တန်ထီဖြစ်လာတဲ့ အခါမှာ သိန်းတစ်သောင်းဆုကို ထည့်သွင်းပေးဖို့ လျာထားတာ မရှိခဲ့ပါဘူး။ အခုကတော့ ငါးရာတန်ထီရပ်နားလိုက်ပြီဖြစ်တဲ့အတွက် သိန်းတစ်သောင်းဆုကို ထည့်သွင်းပြီး တော့ ချီးမြှင့်ခြင်း ဖြစ်ပါတယ်" ဟု ၄င်းက ပြောသည်။

ယခု (၄) ကြိမ်မြောက် ထီဖွင့်ပွဲတွင် ဝေဝေဆာဆာ ဆုမဲစနစ်ဖြင့် ရောင်းမကုန်ထီလက်မှတ်များထဲမှ ပေါက်သည့် ဆုများကို ပြန်လည် မဲနှိုက်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။
 
အောင်ဘာလေသိန်းဆုဌာနအနေဖြင့် လက်ရှိတွင် ရောင်းရငွေ၏ ၆ဝ ရာခိုင်နှုန်းကို ဆုမဲများဖောက်ပေးနေခြင်း ဖြစ်ပြီး (၅)ကြိမ်မြောက်ထီမှစ၍ ဘဏ္ဍာသိမ်းရငွေထဲမှ ဆုမဲကို ထပ်မံထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly