ခြင်ဆေးဖျန်းခြင်းကိစ္စ ဝေဖန်ရေးသားမှုဖြင့် မသန်စွမ်းလူငယ်တစ်ဦးနှင့် အစ်မဖြစ်သူတို့ တရားရင်ဆိုင်နေရ

ခြင်ဆေးဖျန်းခြင်းကိစ္စ ဝေဖန်ရေးသားမှုဖြင့် မသန်စွမ်းလူငယ်တစ်ဦးနှင့် အစ်မဖြစ်သူတို့ တရားရင်ဆိုင်နေရ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မေလ ၃၁ ။          ။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ပန်းခြံလမ်းတွင် ခြင်ဆေးဖြန်းခဲ့ခြင်းနှင့် ပတ်သက် ပြီး ကျန်းမာရေးဌာနမှ ဖြန့်ဝေထားသည့် လက်ကမ်းစာစောင်ထဲမှ အချက်အလက်များနှင့် လက်ရှိမြေပြင်တွင် လုပ်ဆောင်နေသည့် အချက်များ ကွဲလွဲမှုကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့မှုကြောင့် အမြင်အာရုံ မသန်စွမ်းသည့် လူငယ်တစ်ဦးနှင့် ၎င်း၏ အစ်မဖြစ်သူတို့ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)ဖြင့် တရားရင် ဆိုင်နေရကြောင်းသိရသည်။

တရားလိုလုပ် တရားစွဲဆိုသူမှာ ခြင်ဆေးအဖျန်းခံခဲ့ရသည့် မြေနီကုန်းတောင်ရပ်ကွက်၊ ပန်းခြံလမ်း၊ အိမ်နံပါတ် ၁၂ မှ ဒေါ်စောသန္တာဆိုသူဖြစ်ပြီး တရားစွဲခံရသူ မောင်နှမက ယခုကဲ့သို့  တရားစွဲဆိုခံရမှုကြောင့် နစ်နာမှုရှိနေ သည်ဟုဆိုကာ မေလ ၃၁ ရက်နေ့၊ ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

" အဲ့ဒီလို ထောက်ပြရေးသားတဲ့အပေါ်မှာ ခြင်ဆေးဖျန်းခံရတဲ့အိမ်ကနေ ၆၆(ဃ)နဲ့ ဆွဲတယ်။ အဲ့ဒီလို တရားစွဲ ခံရတဲ့ ကျွန်တော်မှာ လက်ပ်တော့ကွန်ပျူတာအသိမ်းခံရတယ်။ ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှာ ဒီပလိုမာ တန်းတက်ရောက်နေတဲ့ ကျောင်းသားဖြစ်တဲ့အတွက် ဒီကွန်ပျူတာမရှိတဲ့အတွက် အရမ်းအခက်အခဲဖြစ်နေ တယ်"ဟု တရားစွဲခံရသူ အမြင်အာရုံ မသန်စွမ်းသည့် လူငယ်တစ်ဦးဖြစ်သော ကိုသက်ပိုင်ဦးက ပြောသည်။

ကိုသက်ပိုင်ဦးမှာ အမြင်အာရုံမသန်စွမ်းသူတစ်ဦးဖြစ်သော်လည်း ထိုသို့ အများပြည်သူသိသင့်သည်ထင်သော အချက်အလက်များကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထောက်ပြလေ့ရှိကြောင်း၊ ထိုအကြောင်းကိုလည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ရေးသားထောက်ပြခဲ့ကြောင်း ဆိုသည်။

" သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ အများပြည်သူကို ဖြန့် ဝေထားတဲ့ လက်ကမ်းစာစောင်တစ်ခုရှိတယ်။ အဲ့ဒီလက်ကမ်းစာစောင်ရဲ့ ခြင်းဆေးမှုတ်ခြင်းဆိုတဲ့ ခေါင်းစဉ် အောက်မှာ သွေးလွန်တုန်ကွေးလူနာရှိတဲ့ အိမ်နဲ့  အဲ့ဒီကလေးတက်တဲ့ ကျောင်းရဲ့ပတ်ဝန်းကျင် ကိုက် ၁၀၀ အတွင်းရှိ အိမ်တွေကို ခြင်ဆေးမှုတ်သင့်တယ်လို့ ရေးထားတယ်။ ဒါပေမယ့် အဲ့ဒီနေ့က ကျွန်တော်တို့ လမ်းမှာ တစ်အိမ်နှစ်အိမ်ကိုပဲ ကွက်ပြီး ခြင်ဆေးဖြန်းသွားပါတယ်။ လက်ကမ်းစာစောင်အရဆိုရင် တစ်လမ်းလုံး ဖြန်းရမှာ ပါ။ ဖြစ်ချင်တော့ အဲ့ဒီအချိန် ကျွန်တော့် တူမလေးကလည်း သွေးလွန်တုပ်ကွေး သံသယနဲ့ သွေးစစ်ထားရ ပါတယ်။ ဒါကြောင့် ခြင်ဆေးဖြန်းမယ်ဆိုရင် လက်ကမ်းစာစောင်မှာပါတဲ့အတိုင်း တစ်လမ်းဖြန်းသင့်တယ်လို့ ယူဆတယ်။ တစ်အိမ်နှစ်အိမ်ဖြန်းတာဟာ လုံးဝ မသင့်တော်တဲ့လုပ်ရပ်လို့ မြင်မိပါတယ်။ နောက်ပြီး ဒီကိစ္စဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စ အများပြည်သူသိသင့်တဲ့ ကိစ္စလို့ ယူဆတဲ့အတွက် ဖေ့စ်ဘုတ်တင်ဖြစ်ခဲ့ တယ်"ဟု ကိုသက်ပိုင်ဦးက ပြောသည်။

ထိုသို့ တရားစွဲဆိုထားမှုကို တရားစွဲထားသူအမျိုးသမီးက လာရောက်ပြောဆိုခြင်းများမရှိကြောင်း၊ ကလေးငယ် တစ်ဦးက လာရောက်ပြောမှ သိရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ နေ့၊ စမ်းချောင်းရဲစခန်းမှ ပထမဆုံးခေါ်ယူ စစ်ဆေးခဲ့ကာ ၎င်း၏ လက်ပ်တော့ကွန်ပျူတာနှင့် အစ်မဖြစ်သူ၏ ဖုန်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ ခြင်းဖြစ်ကြောင်း ကိုသက်ဦးပိုင်က ဆက်လက်ရှင်းပြခဲ့သည်။

ကျန်းမာရေးဌာန၏ လက်ကမ်းစာစောင်ပါအချက်နှင့် မြေပြင်လုပ်ဆောင်မှု ကွဲလွဲနေမှု အချက်အလက် အမှန် သိရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးအပါအဝင်ဌာနအပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးသို့ စာတင် ကာ အဆင့်ဆင့်မေးမြန်းခဲ့သော်လည်း လက်ရှိချိန်ထိ တိကျသည့်အဖြေ ရရှိခြင်းမရှိသေး ကြောင်းသိရ သည်။

" ပြည်သူတစ်ယောက်အနေနဲ့ အမှန်ကို တင်လိုက်တဲ့ဟာကို အဲ့လိုကြီးတရားစွဲခံလိုက်တယ်ဆိုတော့ စိတ်တော့ မကောင်းဘူးပေါ့။ နောက်ဆိုရင် မပြောရဲတော့ပါဘူး။ မပြောရဲလောက်အောင်လည်း ဖြစ်သွားတာပေါ့။ အမှန် ပြောလည်း တရားစွဲခံရတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့။ မောင်လေးက စာမေးပွဲလည်းနီးပြီ။ အခုထိ စာလည်း မလုပ်ရသေးဘူး။ ဒီစာမေးပွဲ ရှုံးသွားရင်သွားပြီ။ ဒါက နောက်ဆုံးဖြေရမှာလေ။ သူ့အတွက် အဲ့ဒီ ကွန်ပျူတာက အရမ်းကို အရေးကြီးပါတယ်။ အဖွဲ့အစည်းတွေ အကူအညီတောင်းပြီးတော့လည်း ရဲစခန်းမှာ ကွန်ပျူတာလေး ပြန်ထုတ်ပေးဖို့ သွားတောင်းတာ မရဘူးပေါ့နော်။ အများကြီးနစ်နာပါတယ်။ အိမ်မှာက ကျွန်မပဲ မျက်မမြင်မောင်လေးရယ်၊ သမီးလေးကို စောင့်ရှောက်နေတာ။ အခု အမှုရင်ဆိုင်ရမယ်ဆိုတော့ အခက်အခဲတွေအများကြီးဖြစ်နေတာ။ ဒါတွေကို သက်ဆိုင်ရာလူကြီးတွေ သိစေချင်ပါတယ်"ဟု တရားစွဲခံသူနှစ်ဦးတွင် ပါဝင်သည့် ဒေါ်နွယ်နွယ်ဝင်းက ပြောသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)ဖြင့် တရားစွဲခံရသူ အမြင်အာရုံ မသန်စွမ်းသည့် ကိုသက်ပိုင်ဦးနှင့် ဒေါ်နွယ်နွယ်ဝင်းတို့ကို စမ်းချောင်းမြို့တရားရုံးမှ မေလ ၃၀ ရက်နေ့တွင် ပထမဆုံးအကြိမ်ဆင့်ခေါ်ခဲ့ပြီး ကျပ် ၁၀ သိန်းစီဖြင့် အချုပ်လွတ်အာမခံပေးခဲ့ကာ ယခုအမှုကို စတင်စစ်ဆေးရန်အတွက် တရားရုံးမှ လာမည့် ဇွန်လ ၁၂ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly