ဘင်္ဂလားဒေ့ရှ်တွင် ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို မီးရှို့သတ်မှုဖြင့် လူ ၁၆ ဦးအား တရားစွဲ

ဘင်္ဂလားဒေ့ရှ်တွင် ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို မီးရှို့သတ်မှုဖြင့် လူ ၁၆ ဦးအား တရားစွဲ

မေ ၂၉ ။             ။ အသက် ၁၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မီးရှို့သတ်ဖြတ်ခဲ့သည့် ထိတ်လန့်ဖွယ် လူသတ်မှုတစ်ခုနဲ့ပတ်သက်လို့ ကျူးလွန်သူ ၁၆ ယောက်ကို တရားစွဲဆိုဖို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အစ္စလမ္မစ် ကျမ်းစာသင်ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူ အပါအဝင် လူ ၁၆ ဦးကို စွဲချက်တင်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက နျူစရက် ဂျဟန် ရာဖီ ဆိုသူ မိန်းကလေးတစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံရမှုကြောင့် အဆိုပါ တောင်အာရှနိုင်ငံမှာ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ကလည်း ဒီအမှုမှာ ပါဝင်ပတ်သက်သူအားလုံးကို ဥပဒေကြောင်းအရ တရားစွဲဆိုပြီး စီရင်ချက် ချသွားမယ်လို့ ကတိပြုထားပါတယ်။

ဒီဖြစ်စဉ်မှာ  အစောပိုင်းက အစ္စလမ္မစ် ကျမ်းစာသင်ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူက လိင်စော်ကားမှု လုပ်ခဲ့တယ်ဆိုပြီး ရာဖီက ရဲကို တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။ ယင်းနောက်မှာတော့  တိုက်ခိုက်သူတွေက ရာဖီကို အဆိုပါ စာသင်ကျောင်း အမိုးထပ်ပေါ် ခေါ်ပြီး တိုင်ကြားချက် ပြန်ရုပ်သိမ်းပေးဖို့ အတင်းအကျပ် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

သူမက ငြင်းဆိုခဲ့ချိန်မှာတော့ တိုက်ခိုက်သူ လူအုပ်စုက ရာဖီကို ရေနံဆီလောင်းမီးရှို့ခဲ့ကြပါတယ်။ ရာဖီကတော့ မီးလောင်ဒဏ်ရာတွေနဲ့ နောက်လေးရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ ယင်းဖြစ်စဉ်ဖြစ်ပြီး တစ်နိုင်ငံလုံး  ဒေါသူပုန်ထခဲ့ကြသလို ယင်းနိုင်ငံမှာ လိင်စော်ကားနှောင့်ယှက်မှုဖြစ်စဉ်တွေ ဆက်လက်မြင့်တက်နေဆဲဆိုတာကို မီးမောင်းထိုးပြသရာ ရောက်ခဲ့ပါတယ်။

ယခု ဖြစ်စဉ်မှာ ရာဖီကို မီးရှို့သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တယ် ဆိုတဲ့ လူ ၁၆ ဦးကို တရားစွဲဆိုသွားတော့မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စုံစမ်းစစ်ဆေးရေး ဗျူရိုက ထုတ်ပြန်သွားခဲ့ပါတယ်။

“ ဒီဖြစ်စဉ်မှာ သူတို့ကို အမျိုးသမီးနဲ့ ကလေးသူငယ် ဖိနှိပ်ချုပ်ချယ်မှု ဥပဒေအောက်မှာ တရားစွဲဆိုမှာဖြစ်ပါတယ်၊ ဒါ့အပြင် စွပ်စွဲခံရသူ ၁၆ ယောက်စလုံးကို သေဒဏ်ပေးဖို့ ကျွန်တော်တို့ အဆိုပြုသွားမှာဖြစ်ပါတယ်” လို့ PBI ရဲ့ စုံစမ်းစစ်ဆေးရေးမှူး မိုဟာမက် အစ်ဘယ်လ်က ပြောသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly