မြစ်ဆုံစီမံကိန်းစာချုပ်ကို တစ်လအတွင်း တရားဝင် မိတ္တူကူးခွင့်ပြုရန် တောင်းဆို

မြစ်ဆုံစီမံကိန်းစာချုပ်ကို တစ်လအတွင်း တရားဝင် မိတ္တူကူးခွင့်ပြုရန် တောင်းဆို

ရန်ကုန်၊ မေ ၂၈ ။            ။ ဧရာဝတီမြစ်ဆုံစီမံကိန်းစာချုပ်အား တစ်လအတွင်း တရားဝင်မိတ္တူကူးခွင့်ပြုပေးရန် “မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်” မှအစိုးရကိုတောင်းဆိုလိုက်သည်။

အဆိုပါကွန်ရက်မှ မေလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဟောက်အော့ အော့ခစ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုခဲ့ ကြခြင်းဖြစ်သည်။

“ ဒီမိုကရေစီအစိုးရလို့ သူတို့ကိုယ်တိုင်သူတို့ ဆက်ပြီးတော့ယုံကြည်ချက်ရှိစွာနဲ့ တိုင်းပြည်ကို ဦးဆောင် နေမယ်လို့ယုံကြည်လို့ ကျွန်တော်တို့က ဒါကို မိတ္တူကူးခွင့်ကိုတောင်းတာ။ ဒီမိတ္တူကူးခွင့်ကိုတောင်းတာက ကျွန်တော်တို့ရဲ့ တကယ့်မွေးရာပါအခွင့်အရေးပါ”  ဟု မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ရမ်းကပြောသည်။

ထို့အပြင် နှစ်နိုင်ငံသဘောတူချုပ်ဆိုခဲ့သော မြစ်ဆုံစီမံကိန်းစာချုပ်အား မိတ္တူကူးယူခွင့်ကို မေလ ၂၈ ရက်မှ ဇွန်လ ၂၈ အထိ တစ်လအတွင်းကူးယူခွင့်ပြုရန် မြစ်ဆုံဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာကွန်ယက်မှ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

မိတ္တူကူးယူခွင့်ပြုရန်အချက်အပြင် စုစုပေါင်း အချက် ၇ ချက်ပါဝင်သည့် အဆိုပါကွန်ရက်၏ တောင်းဆိုချက် များကို မေလ ၂၉ ရက်နေ့ တွင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတတို့အပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုအဆင့်တာ ဝန်ယူထားသည့် ပုဂ္ဂိုလ်များထံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူကိုလေးစားသည့်အစိုးရဖြစ်ပါက အဆိုပါတောင်းဆိုချက်ကို လိုက်လျောသင့်ကြောင်းနှင့် တစ်လအတွင်း မိတ္တူကူးယူခွင့် မပြုပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်သူများကဆိုသည်။

“ကျွန်တော်တို့အစီအစဉ်တွေရှိပါတယ်။ ကြိုတင်ပြီးတော့ဘာလုပ်မယ်ဆိုတာပြောထားလိုက်ရင် ရာဇသံ ဖြစ်သွားမှာစိုးလို့ နိုင်ငံတော် အစိုးရအပေါ်မှာ အကြပ်ကိုင်ပြီး ရာဇသံဖြစ်သွားမှာစိုးလို့ မေတ္တာနဲ့လိုအပ်ချက်အရ ဒီအဆင့်မှာပဲ ဒီမှာပြောရင် ကျွန်တော်တို့မှာအစီအစဉ်ရှိပါတယ်။ ဆွေးနွေးပြီးသားလည်းရှိပါတယ်” ဟု မြစ်ဆုံ စီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၏ အကြံပေးအဖွဲ့ဝင် ဦးကြီးမြင့်က ပြောသည်။

ထို့အပြင် လက်ရှိတည်ဆဲဥပဒေဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ (၄)၊ ပုဒ်မ ၃၇(က)နှင့် ပုဒ်မ ၄၅ တို့အရ နိုင်ငံတော်သည် နိုင်ငံတွင်းရှိ မြေပေါ်မြေအောက် သယံဇာတအားလုံး၏ ပိုင်ရှင်ဖြစ်ပြီး ကာကွယ်ရမည်ဟုဖော်ပြထားကြောင်းလည်း ထုတ်ပြန်စာတွင်ဖော်ပြခဲ့သည်။

မြစ်ဆုံစီမံကိန်းသည် ယခင်စစ်အစိုးရလက်ထက်မှ အရပ်သားအစိုးရထံသို့ အာဏာမလွဲပြောင်းမီ ချုပ်ဆို ခဲ့ခြင်းဖြစ်ပြီး သမ္မတဦးသိန်းစိန်လက် ထက်တွင် ခေတ္တရပ်ဆိုင်းထားခဲ့သည့် စီမံကိန်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly