စွန့်ပစ်ခံထားရသည့် အဖွားအိုတစ်ဦးကို မီးသတ်မှ တွေ့ရှိကယ်ဆယ်ထား

စွန့်ပစ်ခံထားရသည့် အဖွားအိုတစ်ဦးကို မီးသတ်မှ တွေ့ရှိကယ်ဆယ်ထား
ဓာတ်​ပုံ- ဦးထင်​လင်းအောင်​

ရန်ကုန်၊ မေလ ၂၈ ။           ။ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းနှင့် ကိုင်းတန်းလမ်းထောင့်တွင် စွန့်ပစ်ခံထားသည့် အသက် ၇၃ နှစ်အရွယ်ခန့်ရှိ အဖွားအိုတစ်ဦးကို ခွေးကိုက်ခံ ဒဏ်ရာအချို့နှင့်အတူ တွေ့ရှိကယ်ဆယ်ထားကြောင်း ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က မဇ္စျိမသို့ပြောသည်။

 အဆိုပါ ပတ်ဝန်းကျင်၏ ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် စွန့်ပစ်ခံ အဖွားအိုကို ပုလဲမြို့သစ်အရန် မီးသတ်တပ်ဖွဲ့မှ မေလ ၂၇ ရက်နေ့၊ ည ၁၁ နာရီခွဲခန့်အချိန်တွင် သွားရောက် ကူညီကယ်ဆယ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 “ကမ်းနားလမ်းမှာ အဲ့ဒီအဖွားတစ်ယောက်တည်း အထုပ်ကြီးထမ်းပြီး လျှောက်သွားနေတာပေါ့နော်။ အဲ့ဒါကို လာရောက်ကူညီပေးပါဆိုပြီး အဲ့ဒီပတ်ဝန်းကျင်က အကူအညီတောင်းတာ။ ကျွန်တော်တို့ သွားရောက် ကူညီတော့ သူကလည်း အသက်ကြီးပြီဆိုတော့ ဆံပင်တွေကလည်း ရှည်ရှည်၊ အဝတ်အစားတွေကလည်း တစ်ဘတ်ဘတ်နဲ့ဆိုတော့ ဘေးမှာရှိတဲ့ခွေးတွေကလည်း ခြေထောက်ကို ကိုက်ထားတယ်။ ခွေးကိုက်ထားတဲ့ ဒဏ်ရာလည်းရှိတာပေါ့။ လမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ပုံစံမျိုးပဲပေါ့။ သွားစရာနေရာမရှိ၊ နေစရာမရှိ အဲ့ဒီလိုမျိုး ” ဟု ပုလဲမြို့ သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က ပြောသည်။

 လက်ရှိတွင် အဖွားအိုအား အရန်မီးသတ်စခန်းတွင် ဆေးကုသမှုများပေးထားကာ စောင့်ရှောက်ထားကြောင်း၊ အဖွားအိုကို လာရောက်ခေါ်ယူမည့် ဆွေမျိုးများကို စောင့်နေကြောင်းသိရသည်။

 “အဖွားကို သွားရောက်ကူညီကယ်တင်ပြီးတော့ လက်ရှိစခန်းမှာ ဆေးကုသပေးထားပြီးတော့ ပိုင်ရှင်ပေါ်လာ မလား စောင့်နေတယ်။ ပိုင်ရှင်မလာဘူးဆိုရင်တော့ ကျွန်တော်တို့က ဘိုးဘွားရိပ်သာတစ်ခုကို ပို့ဆောင်ပေးပြီး ကူညီပေးမှာပေါ့။ ကျွန်တော်တို့ ဆီမှာလည်း ရေရှည်စောင့်ရှောက်ထားဖို့ကလည်း မလွယ်ဘူးလေ” ဟု အဖွားအိုကို ကူညီစောင့်ရှောက်ထားသည့် ဦးထင်လင်းအောင်က ပြောသည်။

 “ကျွန်တော်တို့ကိုတော့ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ အဲ့ဒီလိုတွေ့ရင်တော့ ဆက်သွယ်အကူအညီ တောင်းကြတယ်ဗျ။ ကျွန်တော်တို့ကလည်း အဲ့ဒီလို လုပ်ပေးတဲ့ အခံလေးရှိနေတော့လေ။ သူတို့ရဲ့ တဒင်္ဂ ခဏလေးအတွင်းမှာ သူတို့ရဲ့ အသက်အန္တရာယ်လေးတစ်ခုကို ဥပမာ ကားတိုက်ပြီးတော့ မသေအောင်ပေါ့၊ လမ်းဘေးမှာ အိပ်နေရင်းနဲ့ပဲ အအေးပတ်ပြီးမသေအောင်တော့ ကျွန်တော်တို့ကတော့ တဒင်္ဂလေးမှာတော့ အဲ့ဒီလို လိုက်ကူညီပေးနေတယ်”ဟု ဦးထင်လင်းအောင်က ဆက်ပြောသည်။

 လက်ရှိတွင် ကယ်ဆယ်ထားသည့် အသက် ၇၃ နှစ်အရွယ် အဖွားအိုအား ပြန်လာခေါ်မည့်သူကို မေ ၂၈ ရက်နေ့(တစ်ရက်) စောင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 “တစ်ရက် စောင့်လို့ လာမခေါ်ကြဘူးဆိုရင်တော့ ဖောင်ကြီးမင်းကုန်းဘက်မှာရှိတဲ့ သစ်နီပင်ဘိုးဘွားရိပ်သာကို ပို့ပေးသွားပါမယ်။ အဲ့ဒီမှာက ဆရာတော်တွေ ဦးစီးတာပေါ့။ တရားဘာဝနာအားထုတ်တာတို့ လုပ်လို့ရတယ်။ သင့်တော်တာပေါ့။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ တောက်လျှောက်ကတော့ အဲ့ဒီကိုပဲ ပို့ပေးနေပါတယ်”ဟု ပုလဲမြို့ သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required