ပြည်သူကို ဖိနှိပ်တဲ့ အုပ်ချုပ်ရေးယန္တယားမျိုး မလိုလားဘူးလို့ သမ္မတ ပြော

ပြည်သူကို ဖိနှိပ်တဲ့ အုပ်ချုပ်ရေးယန္တယားမျိုး မလိုလားဘူးလို့ သမ္မတ ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၂၄ရက်၊ ၂၀၁၉ခုနှစ်) ။    ။ ပြည်သူလူထုကို လွတ်လပ်၊ လုံခြုံမှုနှင့် ပျော်ရွှင်မှုကိုသာ ဖန်တီးပေးလိုပြီး ပြည်သူအပေါ် ဖိနှိပ်သည့် အုပ်ချုပ်ရေးယန္တယား မဖြစ်စေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

“ကျွန်တော်တို့ မလိုလားတဲ့ အုပ်ချုပ်ရေး ယန္တယားသည် ပြည်သူကို ဖိစီးနှိပ်စက်တဲ့၊ ပြည်သူကို ဖိနှိပ်ချုပ်ခြယ်တဲ့ အုပ်ချုပ်ရေးယန္တယား မဖြစ်စေချင်ဘူး” ဟု သမ္မတက ပြောသည်။

နေပြည်တော်ကောင်စီရုံးအတွင်း မေလ ၂၄ရက်က ပြုလုပ်သည့် နေပြည်တော်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် သမ္မတက ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးပိုင်းနှင့်ပတ်သက်၍ ကိုယ့်အတ္တတစ်ခုတည်းကိုကြည့်သည့် လုပ်ရပ်မျိုးကို ရှောင်ရှားရန်နှင့် အားလုံးက ပြုပြင်ပြောင်းလဲကြရန်လည်း သမ္မတက တိုက်တွန်းခဲ့သည်။

“ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ဆိုရင် ကျွန်တော်တို့အားလုံးဟာ ပြုပြင်ပြောင်းလဲပါ။ ကိုယ့်အတ္တကို မကြည့်ပါနဲ့။ ကိုယ့်အတ္တနဲ့ကိုယ် လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးမပေးပါဘူး။ အတ္တကို ဗဟိုပြုပြီး လုပ်တာ ဒါအများအတွက် မကြည့်တော့ဘူး။ နိုင်ငံတော်အတွက် မကြည့်တော့ဘူး။ နိုင်ငံသူ၊ နိုင်ငံသားအတွက် မကြည့်တော့ဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။

ဒီမိုကရေစီတည်ဆောက်ရေးတွင် အရေးကြီးသည့် တရားစီရင်ရေးကဏ္ဍတွင်လည်း ဘက်မလိုက်ဘဲ ရာထူးဂုဏ်သိမ် အရှိန်အဝါမရွေး ဥပဒေအတိုင်း ဖြစ်စေရန် သမ္မတက သတိပေးခဲ့သေးသည်။

“ကိုယ်နဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်း၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ညီအစ်ကို မောင်နှမ၊ ဆွေးမျိုးပဲ ဖြစ်ဖြစ်၊ မိတ်ဆွေသင်္ဂဟပဲ ဖြစ်ဖြစ်၊ ကိုယ့်မဲဆန္ဒရှင်ပဲ ဖြစ်ဖြစ်၊ အဲ့တာတော့ ဟိုဟာလုပ်ပေးပါ၊ ဒီဟာလုပ်ပေးပါ၊ လုံးဝ လက်မခံပါနဲ့။ အမှန်အတိုင်းပဲ ဖြစ်စေပါ” ဟု တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ အရာထမ်းများကို သမ္မတက ပြောသည်။

နေပြည်တော်တွင် သမ္မတနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ယခု တွေ့ဆုံပွဲသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်လများကမူ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်များသို့ သွားရောက်ကာ အဆိုပါ တိုင်းနှင့်ပြည်နယ်များရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလားတူ တွေ့ဆုံခဲ့သေးသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly