ခင်ပွန်းက ဇနီးဖြစ်သူကို သစ်သားရိုးတပ်ကြေးစည်ထုဖြင့် ထုရိုက်သတ်မှု ဖြစ်ပွား

ခင်ပွန်းက ဇနီးဖြစ်သူကို သစ်သားရိုးတပ်ကြေးစည်ထုဖြင့် ထုရိုက်သတ်မှု ဖြစ်ပွား
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ မေလ ၂၃ ။        ။ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် ခင်ပွန်းဖြစ်သူက အရက်ကြောင်ကြောင်ပြီး ဇနီးဖြစ်သူကို ကြေးစည်ထုရာတွင်အသုံးပြုသည့် အရှည် (၁)ပေကျော်ခန့်ရှိသော သစ်သားရိုးတပ် ကြေးစည် ထုဖြင့် ရိုက်သဖြင့် ဇနီးဖြစ်သူသေဆုံးခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် ၄၂ နှစ်အရွယ် ဒေါ်တင်စန်းဆိုသူ ဖြစ်ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူမှာ အသက် ၃၈ နှစ်အရွယ် အောင်အောင်ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က မေလ ၂၃ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။

အဆိုပါလူသတ်မှုကို  ရဲတပ်ဖွဲ့က မေလ ၂၂ ရက်၊ နံနက် ၃ နာရီခွဲခန့်အချိန်တွင် တိုင်တန်းချက်အရ သိရှိခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူအမျိုးသမီးနှင့် လူသတ်မှု ကျူးလွန်သူ ခင်ပွန်းဖြစ်သူတို့သည် သဖန်းချောင်းကျေးရွာသို့ လာရောက် လည်ပတ်သော ဧည့်သည်များ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဒေါ်တင်စန်းနှင့် ခင်ပွန်းဖြစ်သူတို့သည် ကြပ်သောင်းကုတင်ရွာတွင် သီတင်းသုံးသော အစ်ကိုဖြစ်သူ ဦးသုမင်္ဂလ၏ ဘုန်းကြီး ကျောင်းသို့ သွားရောက်ညအိပ်နေစဉ် ခင်ပွန်းဖြစ်သူ အောင်အောင်ဆိုသူက အရက် ကြောင် ကြောင်၍ စိတ်ဖောက်ပြန်ကာ ကြေးစည်ထုရာတွင်အသုံးပြုသည့် အရှည် (၁)ပေကျော်ခန့်ရှိသော သစ်သားရိုးတပ် ကြေးစည်ထုဖြင့် ထုရိုက်သဖြင့် ဒေါ်တင်စန်းမှာ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် လူသတ်မှုကျူးလွန်ခဲ့သူ အောင်အောင်ဆိုသူကို တောင်ညိုရဲကင်းစခန်းတွင် (ပ)၂၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly