အောက်တိုဘာ ၇၊ မန်ချက်စတာ ။ ။ မန်ယူတိုက်စစ်မှူး အန်တိုနီမာရှယ်သည် ပရော်ဖက်ရှယ်နယ် ဘောလုံးသမားများ အစည်းအရုံး(PFA)၏ ပရိသတ်များမှ ချီးမြှင့်သော ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဘောလုံးသမားဆုကို ရရှိသွားခဲ့သည်။
တစ်လတာအကောင်းဆုံးဘောလုံးသမားဆုဟု အမည်တပ်ထားသော်လည်း သြဂုတ်လနှင့် စက်တင်ဘာလနှစ်ခုအတွက် ပေါင်းပြီး ဆုချီးမြှင့်ခြင်း ဖြစ်သည်။
အသက် ၁၉ နှစ်အရွယ်ရှိ မာရှယ်သည် ပြောင်းရွှေ့ကြေးပေါင် ၃၆ သန်းဖြင့် ဈေးအကြီးဆုံးလူငယ်ကစားသမားအဖြစ် မိုနာကိုအသင်းမှ မန်ယူအသင်းသို့ရောက်ရှိလာခဲ့ပြီး ပထမဆုံးပွဲထွက်ခွင့်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာပင် သုံးဂိုးသွင်းယူခဲ့သည်။ မန်ယူအသင်းက ဆန်းဒါးလန်းအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင်လည်း အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။
ယခုပေးအပ်သည့်ဆုအတွက် လက်စတာတိုက်စစ်မှူး ရီယက်မာရက်စ်နှင့် ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ပေယက်တို့မှာ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်း နောက်ဆုံးတွင် မာရှယ်က ရရှိသွားခြင်း ဖြစ်သည်။
ယခုနှစ်ရာသီတွင် ပရိသတ်များသည် လစဉ်တိုင်း ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်၊ လိဂ်-၁နှင့် လိဂ်-၂ ပြိုင်ပွဲများမှ မိမိတို့နှစ်သက်သည့် ကစားသမားကို ပွဲစဉ်များအပြီးတွင် skysports.com မှတစ်ဆင့် မဲပေးနိုင်ပြီး မဲအများဆုံးရရှိသည့် ကစားသမားကို PFA Fans' Player of the Month ဆုချီးမြှင့်သွားမည် ဖြစ်သည်။
ပရီးမီးယားလိဂ်ပွဲစဉ် ရှစ်ပွဲ ကစားပြီးချိန်တွင် မန်ယူအသင်းသည် ရမှတ် ၁၆ မှတ်ရရှိထားပြီး မန်စီးတီးနှင့် အာဆင်နယ်တို့၏နောက် တတိယနေရာတွင် ရပ်တည်နေသည်။ လာမည့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် အဲဗာတန်အသင်းနှင့် အဝေးကွင်းတွင် ပွဲစဉ် ၉ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Ref: Daily Mail