အွန်လိုင်းမီဒီယာ ထူထောင်မယ်ဆိုရင်

အွန်လိုင်းမီဒီယာ ထူထောင်မယ်ဆိုရင်
Photo: EPA

သတင်းမီဒီယာအလုပ်ဟာ အများအကျိုးနဲ့ပတ်သက်နေတဲ့လုပ်ငန်းဖြစ်သလို ဒါဟာ စီးပွားရေးလုပ်ငန်း တစ်ခုလည်း ဖြစ်ပါတယ်။ လတ်တလောမှာ မီဒီယာစီးပွားရေးလုပ်ငန်းတွေဟာ ရုန်းကန်နေကြရသူတွေ များတယ်။

ဒစ်ဂျစ်တယ်ခေတ် ပြောင်းပြီး အွန်လိုင်းနဲ့ဆိုရှယ်မီဒီယာကြောင့် ကမ္ဘာနဲ့ချီပြီး ယေဘုယျအားဖြင့် သတင်းစာ ကိုင်ဖတ်တဲ့ ခေတ်ကုန်ပြီ၊ ရုပ်သံမီဒီယာတွေ ထိပါးနေပြီဆိုတော့ လတ်တလောထိခိုက်မှုထဲမှာ သတင်းသမားတွေ အလုပ်ထွက်ကြရတဲ့ကိစ္စပါပဲ။ တစ်ဖက်မှာလည်း အွန်လိုင်းမီဒီယာထူထောင်လို့ရှိရင် အရင်းအနှီး နည်းမယ်ဆိုတော့ ရှိထားတဲ့အတတ်ပညာနဲ့ အွန်လိုင်းမီဒီယာတွေ တစ်နိုင်တစ်ပိုင်ထူထောင်ဖို့ စိတ်ကူးလာကြတယ်။ 

သတင်းသမားပိုးဆိုတာကလည်း ဖျောက်ရခက်သားမဟုတ်လား။ ဝင်ငွေနည်းလို့ ရပ်တည်ရခက်လို့ တစ်ခြားသက်မွေးဝမ်းကြောင်းကို ပြောင်းဦးတော့ ထီကနဲဆို သတင်းခေါင်းက ထောင်လာတတ်တာ မဟုတ်လား။ အွန်လိုင်းမီဒီယာတွေထောင်ဖို့ စိတ်ကူးနဲ့ လူငယ်တွေ လာတိုင်ပင်တတ်ကြတဲ့အခါ ထူထောင်နိုင်ဖို့ တတ်နိုင်တဲ့အကြံပေးသလို သတိထားဖို့လည်း ပြောရတယ်။ အကူးအပြောင်းကာလဆိုတာ စိန်ခေါ်မှုက နေရာတိုင်းကြီးတာကိုး။ ရှိစုမဲ့စုလေးတွေ ပါသွားရုံတင် မကဘူး။ အကြွေးပါတင်ကုန်ရင် ပိုခက်မယ် မဟုတ်လား။

အခုဟာက အွန်လိုင်းမီဒီယာသစ်တွေက ပေါ်ထွက်လာလိုက်တာ ဒီနှစ်ထဲမှာကို မနည်းဘူး။ ဒီကြားထဲ သတင်းခိုးပြီး စီးပွားရှာတဲ့ မသူတော်တွေလည်း မနည်းဘူး။ ဝင်ငွေရစေတဲ့ ကြော်ငြာစျေးကွက်က ဒီအသစ်ထွက်နှုန်းနဲ့ ကိုက်အောင် ကြီးထွားလာတာမဟုတ်တော့ ရှိတဲ့ဝေစုကို ခွဲဝေယူရမဲ့အဖြစ်မှာ နာမည်ရပြီးသားတိုက်ကြီးတွေနဲ့ ဝုန်းကနဲ ဝင်တိုး၊ ဝင်ပြိုင်ဖို့ဆိုတာ အိုင်ဒီယာတွေ သိပ်ကောင်းနေမှကိုး။ တဖြည်းဖြည်းနဲ့ နေရာရလာနိုင်ပါတယ်ဆိုပေမယ့် တောင့်ခံနိုင်ဖို့က လိုသေးတယ် မဟုတ်လား။ 

တစ်ဖက်မှာလည်း ဝမ်းသာစရာသတင်း ရှိပါတယ်။ ဗြိတိန်အခြေစိုက် ဂါးဒီယန်းသတင်းစာကြီးဆိုရင် အခုဆို အရင်းကျေမဲ့လမ်းကြောင်းပေါ် ရောက်နေပြီ။ နှစ်အတော်ကြာ အရှုံးပေါ်နေခဲ့တာကနေ အကောင်းဘက်ကို ပြောင်းလာခဲ့တဲ့ လက္ခဏာကိုး။ ဂါးဒီးယန်းလို သတင်းစာက သတင်းဂုဏ်ကို ထိန်းရင်း ဆက်လျှောက်နေခဲ့တာ။ အရှုံးသက်သာအောင် ထောက်ခံတဲ့ပရိသတ်တွေရဲ ့ အလှူငွေတွေထည့်တာတွေလည်း ရှိတာပေါ့။

သတင်းစာတွေ စီးပွားရေးအရ တွက်ခြေမကိုက်တာကို ကျွန်တော်ကတော့ စိတ်ပူတယ်။ တစ်ချို့ သတင်းတိုက်တွေက အဝါရောင်ဘက် လှည့်သွားကြတယ်၊ သတင်းအရည်အသွေး လျော့ချပစ်ကြတယ်။ အတင်းအဖျင်းတွေ လူပိန်းကြိုက်တွေ လုပ်ကုန်ကြသလို သတင်းလိုက်စရိတ်တွေ အဆမတန် လျော့ချပစ်လာကြတာကိုး။ ရင်မောရတာက အဲဒီအတင်းအဖျင်းတွေက ကြော်ငြာတွေရပြီး အလေးအနက် သတင်းစာတန်ဖိုး လုပ်တာတွေကို လှောင်ပြောင်စရာလုပ်လာကြတာပဲ။

တစ်ချို့ကလည်း အလေးအနက်ဂျာနယ်လစ်ဇင် ထူထောင်ချင်လို့ နိုင်ငံတကာအလှူရှင်တွေ အားကိုးပြီး သွားလို့ရမလားလို့ စိတ်ကူးချက် ရှိကြတယ်။ ဆင့်ပါးစပ် နှမ်းပက်တာလောက်တော့ မဟုတ်ပေမယ့် ပေးနိုင်စွမ်းနဲ့ လိုအပ်ချက် ကွာဟချက်က ကြီးပါတယ်။

အွန်လိုင်းခေတ်ဦးကာလမှာ Hard News လို့ခေါ်တဲ့ ရေစီးကြောင်းထဲက လတ်လတ်ဆတ်ဆတ်သတင်းတွေကို ပရိသတ်တွေက အကြိုက်ပိုခဲ့ကြပေမယ့် နောက်ပိုင်းမှာ Soft News လို့ခေါ်တဲ့ လူ့ဘဝနဲ့ လူမှုအဖွဲ့အစည်းထဲက သတင်းတွေကို ကြိုက်နှစ်သက်မှု ပိုလာကြတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ချရတဲ့ ဆန်းစစ်ချက်မထွက်သေးပေမယ့် Hard News ရဲ့ တစ်စိတ်တစ်ပိုင်းတစ်ချို့ကို လူမှုကွန်ရက်ထဲကလူတစ်ချို့က သတင်းပေးပို့လိုက်ကြလို့ ဖြစ်တယ်လို့ ယူဆရပါတယ်။ ဥပမာ- ကားမှောက်တဲ့သတင်းကို မျက်မြင်တွေက ဖေ့စ်ဘွတ်မှာအရင်တင်ပြီးမှ သတင်းဌာနက နောက်ကလိုက်ရတဲ့ အဖြစ်မျိုး ဒီနေ့ခေတ်မှာ မြင်တွေ့နေကြဖြစ်ရပ် ဖြစ်လာပါတယ်။

အွန်လိုင်းသတင်းဟာ အခုဆိုရင် ပလက်ဖောင်းအသစ် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ခေတ်တုန်းက ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာကိုသာ အစဉ်အလာမီဒီယာလို့ပြောပြီး အွန်လိုင်းကို မီဒီယာသစ်လို့ခေါ်ခဲ့ကြပေမယ့် ကနေ့ခေတ်မှာတော့ အွန်လိုင်းဟာ မျိုးဆက်တစ်ခုထဲကို အုပ်စီးဝင်ရောက်သွားပါပြီ။ ၁၉၉၀ ခုနှစ်နောက်ပိုင်း မွေးဖွားတဲ့မျိုးဆက်တွေဟာအွန်လိုင်းနဲ့ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ သူတို့က ကွန်ပြူတာ၊ တက်ဘလက်၊ တယ်လီဖုန်းမျက်နှာပြင်တွေမှာပဲ သတင်းအချက်အလက်တွေကို ဖတ်နေခဲ့၊ ကြည့်ရှု နားထောင်နေခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို စာမဖတ်ဘူးလို့ သွားပြောရင် မိတ်ဆွေဟာ စက္ကူပြင်ပေါ်မှာစာဖတ်ပြီး ကြီးပြင်းလာတဲ့ လူဟောင်းကြီးတစ်ယောက်မို့လို့သာ ဖြစ်ပါတယ်။

အဲဒီတော့ အွန်လိုင်းဟာအနာဂတ်လို့ပဲ ကျွန်တော်ကတော့ ထပ်ပြောချင်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲက မြန်ဆန်လွန်းနေတဲ့ကာလမှာ သတင်းစာခွင့်ပြုချက်ပေးလိုက်တော့ သတင်းစာတွေ အလျှိုလျှိုပေါ်လာကြပြီး မကြာခင်ကာလမှာ အလျှိုလျှိုပျောက်ကွယ်သွားသလိုမဖြစ်အောင် သင်ခန်းစာယူသင့်တယ်လို့ ထင်ပါတယ်။

Mizzima Weekly