ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား

ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၅ ။         ။ ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းဟောင်ခမ်းက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည် တို့ကို အောက်တိုဘာ ၅ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား -

ကျွန်တော်ကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးဒီမို ကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းဟောင်ခမ်းဖြစ်ပါတယ်။ ပါတီထူထောင်ရခြင်း၏အကြောင်းအရင်း၊ ပါတီ၏ရည်မှန်းချက်နဲ့မူဝါဒများ မတင်ပြခင်ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့သမိုင်းကြောင်းကို ဦးစွာတင်ပြလိုပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဟာ (၁၃)ရာစုနှစ်အလယ်လောက် လားနား(Lanna) ရှမ်းအင်ပါယာထူထောင် စဉ်တုန်းက ချင်းမိုင်၊ ချင်းရိုင်း၊ ကျိုင်းဟုန် တို့နဲ့အတူပါဝင်ခဲ့တဲ့ဒေသဖြစ်ပါတယ်။ (၁၆) ရာစုနှစ် လားနားအင်ပါယာ(Lanna Empire) ပြိုကွဲပြီး ကိုယ့်ဒေသကိုယ်အုပ်ချုပ်သော စော်ဘွားခေတ်မှဗြိတိသျှကိုလိုနီအဖြစ် ဝင်ရောက်သိမ်းပိုက်သော(၁၈၉၀-၁၈၉၁) ခုနှစ်အထိရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနယ်ဟာ မြန်မာမင်းများအားဘဏ္ဍာဆက်သ ရသောစော်ဘွားနယ်မဟုတ်ခဲ့ပါ။ မြန်မာမင်းအဆက်ဆက်တို့နှင့် တန်းတူဆက်ဆံကာ နိုင်ငံရေး၊ စစ်ရေးမှာအပြန်အလှန်ကူညီကြတဲ့ မဟာမိတ် များဖြစ်ကြကြောင်းသမိုင်းအထောက်အထားများရှိပါတယ်။ ဗြိတသျှကိုလိုနီခေတ် ရောက်တဲ့အခါ ရှမ်းပြည်နယ်အရှေ့ပိုင်းဟာ Frderated Shan State ထဲ ပါဝင်လာခဲ့ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဟာ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုခိုင်မာမြင့်မားစွာရှိပြီး ပြင်ပယဉ်ကျေးမှုစိမ့်ဝင်မှုအနည်းဆုံး ဒေသလည်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အသုံးပြုလျက်ရှိတဲ့ ဂုံရှမ်းစာပေဟာ သက္ကဋ္ဌဘာသာခွဲပရဝစာပေမှဆင်းသက်လာသောကြောင့် ပါဋ္ဌီဘာသာ ကိုမူရင်းအသံထွက်အတိုင်း မှန်ကန်စွာရေးသားနိုင်တဲ့ စာပေဖြစ်ပါတယ်။ဒီဂုံရှမ်းစာပေ နဲ့ရေးသားပြုစုထား တဲ့ထေရဝါဒဗုဒ္ဓကျမ်းစာများကို ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင် ရှမ်းပြည်နယ်တစ်ဝန်းလုံး အလောင်းဘုရားလက်ထက်အထိအသုံးပြုခဲ့ကြောင်း သမိုင်းမှတ်တမ်းများရှိပါတယ်။ ဆင်ဖြူရှင်ဘုရင်လက်ထက်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့ ဗုဒ္ဓဘာသာစာပေကို မြန်မာဘာသာနဲ့ရေးသားထားတဲ့ ဗုဒ္ဓစာပေကျမ်းဂန်များကို အစားထိုးသုံးစွဲနေပေမယ့်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်းဟာ ယခုအချိန်အထိ မိမိကိုယ်ပိုင်စာပေနဲ့ ရေးသားထားတဲ့ ထေရဝါဒဗုဒ္ဓဘာသာ ကျမ်းဂန်များကိုသာ သုံးစွဲလျက်ရှိနေ ပါတယ်။

ဒါ့ကြောင့် ဒီလိုခိုင်မာတဲ့ဘာသာ ၊စာပေနဲ့ယဉ်ကျေးမှုတွေကိုထိန်းသိမ်းစောင့်ရှောက်ကာကွယ်ဖို့ကတစ်ကြောင်း၊ ပြည်သူလူထုအတွက် အေးချမ်းတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်လာသည်က တစ်ကြောင်း စသောအကြောင်းကြောင်းကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂ ရက် နေ့မှာ စတင်တည်ထောင် ခဲ့ရခြင်းဖြစ်ပါတယ်။ ပါတီတည်ထောင်ရခြင်း အကြောင်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ မူလဌာနေတိုင်းရင်းသားများဖြစ်ကြသော ဂုံရှမ်း၊ လိရှမ်း၊ တိုင်းနေရှမ်း၊တိုင်းလွယ်ရှမ်း၊ တိုင်းလျမ်းရှမ်း၊ ရှမ်းကြီး(ခေါ်) တိုင်းလုံရှမ်း၊ လားဟူ၊အာခါ၊ 'ဝ'၊ 'လ'၊ ပလောင်၊ အားခေ၊ လီရှော ခေါ် လီဆူး၊ အဲန်စသောတိုင်းရင်းသားများအပြင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားများ၊ တရုတ်နှင့်အိန္ဒိယနွယ်ဖွားများသည် ရှမ်းပြည်နယ်အရှေ့ပိုင်းဖြစ်သော ဤဒေသတွင် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်လာ ခဲ့ကြပါသည်။

၂။ ဤဒေသတွင် ဘာသာရေးအားဖြင့် ကြည့်မည်ဆိုလျှင်လည်း ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ကက်သလစ် ခရစ်ယာန်ဘာသာ၊ နှစ်ခြင်းခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဆစ်ခ်ဘာသာနှင့် ရိုးရာနတ် ကိုးကွယ်သော ဘာသာဟူ၍ ရှိပါသည်။

၃။ ဤသို့ဘာသာကွဲ၊ လူမျိုးကွဲများစုပေါင်းနေထိုင်နေသော ရှမ်းပြည်နယ်အရှေ့ပိုင်းသည် ဘာသာရေး၊ လူမျိုရေးပဋိပက္ခမဖြစ်ကြဘဲ ညီရင်းအစ်ကိုသဖွယ် ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်လာ ခဲ့ကြသောကြောင့် ပြင်ပ ပယောဂဖြစ်သော အနိုင်ကျင့်မှုများ၊ စစ်မီးများသာမရှိပါက ငြိမ်းချမ်း၍ ပျော်စရာကောင်းသော ဘုံဗိမာန်ဖြစ်မည်မှာမလွဲပေ။

၄။ ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်သို့တက်လှမ်းလာပြီဖြစ်သောကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်လည်း နိုင်ငံရေးပါတီများ အလုအယက် ဝင်လာကြပါသည်။ နိုင်ငံရေး ပါတီကြီး၊ နိုင်ငံရေးပါတီလတ်၊ နိုင်ငံရေးပါတီငယ်ဟူ၍ နိုင်ငံရေးပါတီအမျိုးမျိုးရှိကြသော်လည်း ၎င်းပါတီများထဲတွင် ပြည်ထောင်စုဝါဒီ (Unionist)များသည် လူနည်းစုသာ ဖြစ်ပြီး အမျိုးသားဝါတီ(Nationalist) များသာ ကြီးစိုးကာနေရာယူထား သည်ကို တွေ့ရပါသည်။

၅။ ဤသို့အမျိုးသားဝါဒီ (Nationalist) များနေရာယူထားသော လက်ရှိပါတီများသည် မတူကွဲပြားသော လူမျိုးရေး၊ ဘာသာရေးများရှိနေသောရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။

၆။ ထို့ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မူလဌာနတိုင်းရင်းသားများနှင့်အခြားပြည်ထောင်စုသားများ၏ အကျိုးစောင့်ရှောက်ကာကွယ်ရေး၊ အခွင့်အရေးများတောင်းဆိုနိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည် တို့ကိုဆောင်ရွက် ရန်အတွက် ဌာနဒေသ နိုင်ရေးပါတီတစ်ခုရှိရန် လိုအပ်လာပြီးဖြစ်ပါသည်။

လေးစားအပ်ပါသောမိဘပြည်သူများ ခင်ဗျား-

ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီရဲ့ ရည်မှန်းချက်နဲ့ ပါတီရဲ့နိုင်ငံရေးမူဝါဒများကို တင်ပြပါမယ်။

ပါတီ၏ရည်မှန်းချက်

၁။ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြစ်ထွန်းရေး။

၂။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကျင့်သုံးရေး။

၃။ ရှမ်းပြည်နယ်အရှေ့ပိုင်း မူလဌာနေတိုင်းရင်းသားတို့၏ စာပေနှင့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရေး။

၄။ မတူကွဲပြားသော ဘာသာရေးနှင့် လူမျိုးများစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး။

၅။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြေပေါ်မြေအောက်သယံဇာတများ ပြည်သူလူထုအတွက် အကျိုးပြုစေရေး။

၆။ ရှမ်းပြည်နယ်အရှေ့ပိုင်း တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး။

၇။ ပြည်သူလူထုလူနေမှုစနစ်မြင့်မားရေးနှင့် တိုးတက်ဖွံ့ဖြိုးရေး။

ပါတီ၏နိုင်ငံရေးမူဝါဒများ

၁။ အုပ်ချုပ်ရေးမူဝါဒ။ ဒီမိုကရေစီစနစ်နှင့်အညီအုပ်ချုပ်ပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လမ်းစဉ်မူဝါဒ (Federalism) ကို ကျင့်သုံးမည်။

၂။ တရားစီရင်ရေးမူဝါဒ။ လွတ်လပ်ပြီး သန့်ရှင်းသော တရားစီရင်ရေး စနစ်ကို ကျင့်သုံးမည်။

၃။ စီးပွားရေးမူဝါဒ။ လွတ်လပ်သောစီးပွားရေးဒဝါဒ (Economic Liberalism)  နှင့်ဈေးကွက်စီးပွားရေးစနစ် (Market Oriented Economic System)  ကို ဦးတည်ဆောင်ရွက်မည်။

၄။ ဘတ်ဂျက်မူဝါဒ။ ဘတ်ဂျက် ခွဲတမ်းချမှတ်ရာတွင် အခြေခံ

အဆောက်အအုံ (Infrastructure)တည်ဆောက်ရေးအတွက် ဦးစားပေး ပြီးပညာရေးအတွက် ဦးစားပေး ဘတ်ဂျက်တိုးမြှင့်နိုင်ရန်သုံးသပ်မည်။

၅။ ပညာရေးမဝူ ါဒ။ နိုင်ငံတကာ နှင့်ယှဉ်၍ သင်ရိုးညွှန်းတမ်းများ ပုံမှန်စိစစ်ခြင်း၊ မူလတန်းအထိတိုင်း ရင်းသားစာပေများလည်း ကျောင်းချိန်အတွင်း သင်ကြားခြင်း၊ အထက်တန်းအထိ အခမဲ့ပညာ သင်ကြားရေးနှင့် မူလတန်းကျောင်းအထိပညာမသင်ကြားရသူမရှိစေသော အလုံးစုံမူလတန်းပညာသင်ကြားရေး (Universal Primary Education)  ကို ထောက်ခံကျင့်သုံးမည်။

၆။ ကျန်းမာရေးမူဝါဒ။ ပြည်သူလူထုတတ်နိုင်သောစရိတ်ဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု (Affordable and Quality Health Care)ကို ဆောင်ရွက်မည်။ ထိုမှတစ်ဆင့် အလုံးစုံအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Care System )သို့ တက်လှမ်းမည်။

၇။ တန်းတူညီမျှရေးမူဝါဒ။ ဘာသာရေးအားဖြင့်သော်လည်းကောင်း၊ လူမျိုးရေးအားဖြင့် သော်လည်းကောင်း၊ အသက်အရွယ်အားဖြင့်သော်လည်းကောင်း၊ လိင်အားဖြင့်သော်လည်းကောင်း၊ ခန္ဓာအစိတ်အပိုင်း ပြည့်စုံမှှုအားဖြင့်သော်လည်းကောင်း ခွဲခြားမှုမရှိစေရ။ အခွင့်အရေးနှင့်ပတ်သက်၍ အားလုံးတန်းတူခံစားခွင့်ရှိသောမူဝါဒ (Egalitarianism)ကို ကျင့်သုံးမည်။

၈။ လူမှုဖူလုံရေးမူဝါဒ။ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ကူညီထောက်ပံ့ခြင်း (Social Security Service) ကို ထောက်ခံမည်။

၉။ စွမ်းအင်မူဝါဒ။ စွမ်းအင်ထုတ်လုပ်ရေးတွင် သဘာဝပတ်ဝန်း ကျင်ကိုမထိခိုက်စေသော အစိမ်းရောင်စွမ်းအင် (Green Energy ) ကိုသာထောက်ခံအားပေးမည်။

၁၀။ စိုက်ပျိုးရေးမူဝါဒ။ စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းကို မြှင့်တင်ခြင်း၊ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲခြင်းနှင့် အော်ဂဲနစ်စိုက်ပျိုးရေးစနစ် (Organic Agricultural System) ကို တိုးမြှင့်လုပ်ဆောင်ခြင်းများ ဆောင်ရွက်မည်။

လေးစားအပ်သော မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးပါတီကို နောက်ကျမှ ထူထောင်ရပေမယ့်လည်း လုံးဝအားမငယ်ပါ။ ကျွန်တော်တို့နဲ့အတူ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပြည်သူများ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးဘာသာအတွက် ရပ်တည်ထောက်ခံလိမ့်မည်ဟု ခိုင်မာစွာယုံကြည်လျက်ရှိ နေသောကြောင့်ဖြစ်ပါတယ်။ မတူကွဲပြားသောဘာသာရေးနှင့်လူမျိုးများ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်လိုသူတိုင်း၊ မိမိတို့ရဲ့ ဘာသာ၊ စာပေနဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်လိုသူတိုင်း၊ ကိုယ့်ဒေသကို ကိုယ်တိုင်အုပ်ချုပ်နိုင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မြတ်နိုးသူတိုင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကိုလိုချင်သူတိုင်း ကျွန်တော်တို့ရဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီကိုထောက်ခံမဲပေးကြပါရန်တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ

 ၁။  ပါတီအမည်  -  ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ
 ၂။  ပါတီအမည်(English)  -  Eastern Shan State Development Democratic Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၈.၂.၂၀၁၅
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦစိုင်းဟောင်ခမ်းပါ(၁၅) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဟောင်ခမ်း၊ ဦးစိုင်းစိုင်းလုံ
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၈.၅.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၃.၆.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂.၇.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၉၁)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ရှမ်းပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁/က)၊ တာချီလိတ်လမ်း၊ ဟိုခုံရပ်၊ ရပ်ကွက် (၃)၊ ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉ - ၅၂၅၀၆၇၅ (ဦးဟောင်ခမ်း) ၊ ၀၉ - ၄၂၈၂၁၃၆၅၇ (ဦးစိုင်းစိုင်းလုံ)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required