ရော်နယ်လ်ဒိုရဲ့  ကလပ်အသင်း ကစားသမားဘဝ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ မက်ဆီ

ရော်နယ်လ်ဒိုရဲ့  ကလပ်အသင်း ကစားသမားဘဝ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ မက်ဆီ
Photos: EPA

တနင်္ဂနွေနေ့က ဘာစီလိုနာအသင်းနဲ့ အီဘာအသင်းတို့ တစ်ဖက် (၂)ဂိုးစီ သရေကျတဲ့ ၂၀၁၈-၁၉ ရာသီ လာလီဂါပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်မှာ (၂)ဂိုး သွင်းယူခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ုဒိုရဲ့ ကလပ်အသင်း ကစားသမားဘဝ ဂိုးသွင်းအများဆုံး စံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လာလီဂါချန်ပီယံဆုကို အစောကြီးတည်းက သိမ်းပိုက်ထားခဲ့ပြီးဖြစ်ပြီး ဗလင်စီယာအသင်းနဲ့ ကစားရမယ့် စပိန်ဘုရင့်ဖလားမတိုင်မီ အီဘာကို အနိုင်ရရှိခဲ့တာက ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုရပါမယ်။

မက်ဆီဟာ ပွဲချိန် (၃၁) မိနစ်နဲ့ (၃၂)မိနစ်တွေမှာ အီဘာဘက်ကို သွင်းယူခဲ့တာဖြစ်ပြီး ဒီ (၂)ဂိုးလုံးဟာ ပြိုင်ဘက်နောက်ခံကစားသမားတွေရဲ့ အမှားတွေကနေတစ်ဆင့် ဂိုးရရှိသွားတာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုနယ် ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအတွက် (၅၉၉)နဲ့ (၆၀၀) ပြည့်ဂိုးတွေကို သွင်းယူခဲ့တဲ့ Ballon D’Or ဆု (၅)ကြိမ်ရ မက်ဆီဟာ တနင်္ဂနွေနေ့မှာတော့ ကလပ်အသင်း ကစားသမားဘဝ သွင်းဂိုး (၆၀၁)နဲ့ (၆၀၂) ဂိုးမြောက် သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အီဘာနဲ့ပွဲဟာ မက်ဆီရဲ့ ကစားသမားဘဝ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း (၆၈၆) ပွဲမြောက်လည်းဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် ရော်နယ်လ်ဒိုရဲ့ ကလပ်ပွဲပေါင်း (၈၀၅)ပွဲမှာ သွင်းယူခဲ့တဲ့ (၆၀၁)ဂိုးကို မက်ဆီက တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ပြခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီဟာ တယ်မိုဇာရာတင်ထားနိုင်ခဲ့တဲ့ လာလီဂါ ဂိုးသွင်းအများဆုံးကစားသမားဆု (ပီချီချီ) (၆) ကြိမ် စံချိန်နဲ့တူညီသွားခဲ့ပါတယ်။

ယခုနှစ်ဘောလုံးရာသီရဲ့ ဥရောပ ရွှေဖိန်ပ်ဆုအတွက်လည်း မက်ဆီဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို (၄)ဂိုးအသာ လိဂ်သွင်းဂိုး (၃၆)ဂိုးနဲ့ ဦးဆောင်နေပါတယ်။

Ref; Fox Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly