မင်းဘူးနှင့် မင်းလှတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့

မင်းဘူးနှင့် မင်းလှတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့
ဓါတ်ပုံ -  ကိုဂျေ

မကွေး၊ မေ ၁၆။       ။ မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် မေလ(၁၅)ရက်နေ့က လေပြင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် ဘာသာရေး အဆောက်အဦများ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု) မြို့နယ်တွင် မေလ(၁၅) ရက်၊ နေ့လယ် (၂) နာရီခွဲအချိန်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ကြီးကန်ကျေးရွာအုပ်စု၊ ကူရွာကျေးရွာတွင် လူနေအိမ်(၂) လုံး၊ ခွန်သာကျေးရွာအုပ်စု၊ ခွန်သာကျေးရွာတွင် လူနေအိမ်(၂) လုံး၊ မင်းလှကျင်းကျေးရွာအုပ်စု၊ မင်းလှကျင်းကျေးရွာတွင် လူနေအိမ်(၄) လုံးနှင့် ဘာသာရေး အဆောက်အဦ (၁) လုံး၊ လေးပင်ကျေးရွာတွင် လူနေအိမ်(၁၈) လုံးနှင့် ဘာသာရေး အဆောက်အဦ(၂) လုံး၊ ပျော်ဖွယ်ကျေးရွာတွင် လူနေအိမ်(၂) လုံး၊ ကိုင်းမကြီးကျေးရွာအုပ်စု၊ ကိုင်းမကြီးကျေးရွာတွင် လူနေအိမ်(၅) လုံး အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်း လူနေအိမ်(၃၃)လုံးနှင့် ဘာသာရေးအဆောက်အဦ(၃) လုံး အမိုးလန် ပျက်စီး ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရသေဆုံးမှု မရှိကြောင်း မင်းဘူး(စကု) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန၊ ဦးစီးမှူးတို့အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သစ်ပင်သစ်ကိုင်းများအား ရှင်းလင်း ပေးခြင်း၊ ပြိုလဲ ပျက်စီးနေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပြန်လည်ပြင်ဆင်ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အထက်မင်းလှမြို့နယ်အတွင်း မေလ ၁၅ရက်၊ နေ့လယ် ၂နာရီခွဲအချိန်ခန့်က လေပြင်းများတိုက်ခတ်မှုကြောင့် ညောင်ပင်ကျင်းကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာ၊ လဲပင်ကျင်းကျေးရွာ၊ လက်ခုတ်ပင်ကျေးရွာနှင့်တောင်ဦးကျေးရွာ တို့တွင် နေအိမ်ပျက်စီးဆုံရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြကြောင်း သိရသည်။

ညောင်ပင်ကျင်းကျေးရွာတွင် အိမ်ထောင်စု(၇)စု၊ သက္ကယ်ကျင်းကျေးရွာတွင် အိမ်ထောင်စု(၄)စု၊ လဲပင်ကျင်း ကျေးရွာတွင် အိမ်ထောင်စု(၂)စု၊ တောင်ဦးကျေးရွာတွင် အိမ်ထောင်စု(၁)စု၊ လက်ခုတ်ပင်ကျေးရွာတွင် အိမ်ထောင်စု (၁)စုတို့ လေပြင်းတိုက်ခတ်မှုဒဏ်ကို ခံခဲ့ရပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၅)လုံး၊ နွားတင်ကုပ်တစ်လုံးတို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required