မင်းဘူးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ၊ သုံးဦးသေဆုံး

မင်းဘူးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ၊ သုံးဦးသေဆုံး
ဓာတ်ပုံ-မျိုးမြတ်(CJ)

မကွေး၊မေ ၁၆ ။        ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်းလမ်းမိုင်တိုင်(၈/၂)အနီး ဆင်ခေါင်းကျေးရွာနှင့်ဇီးအိုင်ရွာကြားတွင် မေလ ၁၆ရက် နံနက် ၆နာရီခွဲအချိန်က ဂဏန်းတင်ဆောင်လာသော (၆)ဘီးယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း စကုနယ်မြေရဲစခန်းက သိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့မှ ဂဏန်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်သည် မင်းဘူး-အမ်းလမ်းမိုင်တိုင်(၈/၂)အနီး ဆင်ခေါင်းကျေးရွာနှင့်ဇီးအိုင်ရွာကြားတွင် ဝဲဘက်ယာဉ်ကြော လမ်းပခုံးရှိ ထနောင်းပင်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော အမ်းမြို့နယ် တပ်တောင်မြို့ အမှတ်(၂)ရပ်ကွက်မှ ဦးမောင်လှအေး(၃၅)နှစ်၊ မခင်မြင့်ဝင်း(၃၅)နှစ်နဲ့ မောင်စိုးဝင်သန်းတို့သည် ထိခိုက်ပေါက်ပြဲ ကျိုးပဲ ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြကြောင်း သိရသည်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီး ပုလိပ် မြို့၊ ဆည်ရွာမှ မျိုးညီညီ(၁၆)နှစ် နှင့် အမ်းမြို့နယ် လေယာဉ်ကွင်းရပ်တွင် နေထိုင်သော စိုးမင်းနိုင် (၄၀)နှစ် တို့မှာ မစိုးရိမ်ရသောထိခိုက် ပေါက်ပြဲဒဏ်ရာများဖြင့် စကုမြို့ဆေးရုံတွင် ဆေးကုသမှူခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူ အောင်မင်းသူ(ခ)ပုတူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး အဆိုပါ ယာဉ်မောင်းကို  စကုနယ်မြေရဲစခန်း၌ (ပ)၁၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃ရဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required