“ ဖဲကြိုးရောင်စုံ လှုပ်ရှားမှု ဘယ်လို လုပ်ကြမလဲ ”

“ ဖဲကြိုးရောင်စုံ လှုပ်ရှားမှု ဘယ်လို လုပ်ကြမလဲ ”

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က မန္တလေး Oriental House ခန်းမမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်က ဦးဆောင်ပြီး ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာပဲ ဆရာ ဆရာမတွေဟာ တပ်မတော်က အငြိမ်းစား ယူထားသူတွေကို ပညာရေးဦးစီးဌာန ထပ်ပိုင်း ရာထူးတွေမှာ တာဝန်ချ ထားပေးတဲ့ ကိစ္စ ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို စတင်လိုက်ကြပါတယ်။

သိပ်မကြာသေးခင် ကာလက စစ်အရာရှိတွေကို ဝန်ကြီးဌာနအတွင်း အဆင့်မြင့် ရာထူးတွေမှာ နေရာပြောင်းရွှေ့ ခန့်အပ်တဲ့ကိစ္စ ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ကန့်ကွက်ခဲ့ကြတဲ့ အနက်ရောင် ဖဲကြိုးတပ်ဆင်တဲ့ လှုပ်ရှားမှု စတင်ပြီးသွားလို့ အဝါရောင် ဖဲကြိုးတပ် လှုပ်ရှားမှုနဲ့ အပြာရောင် ဖဲကြိုးတပ် လှုပ်ရှားမှုတွေတောင် ထပ်ပေါ်ပေါက်ခဲ့ပြီးပါပြီ။ အဝါရောင် ဖဲကြိုးတပ် လှုပ်ရှားမှုကတော့ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ ထိပ်ပိုင်းတာဝန်ရှိသူ နေရာမှာ စစ်အရာရှိတွေ ဝင်ရောက် နေရာယူလာ တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုဖြစ်ပြီး အပြာရောင် ဖဲကြိုးတပ် လှုပ်ရှားမှုကတော့ လျှပ်စစ်ဝန်ကြီးဌာန အဆင့်မြင့် ရာထူးတွေမှာ စစ်အရာရှိတွေ နေရာချထားတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ဒီ ပြဿနာတွေရဲ့ အရင်းခံ ပြဿနာဟာ ဘာလဲ၊ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

တကယ်တော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ဝန်ကြီးဌာန အဆင့်မြင့် တာဝန်တွေမှာ စစ်အရာရှိတွေကို နေရာချ ထားပေးတာဟာ ကာလများစွာ ကြာမြင့်ခဲ့ပါပြီ။ မနေ့ တစ်နေ့ကမှ ဖြစ်ပေါ်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒီ ပြဿနာ ကို ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်ဖို့ဆိုရင် ပြဿနာစတင်ခဲ့တဲ့ အခြေအနေကို ပြန်သုံးသပ်မှပဲ ဖြစ်နိုင်မှာပါ။ အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်ကစ စစ်အာဏာရှင် စနစ်အောက် ကျရောက်ခဲ့ပါတယ်။ ပထမ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ တော်လှန်ရေးကောင်စီ၊ နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ လို့ နာမည်ပေးထားတဲ့ မဆလ တစ်ပါတီစနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။

တိုင်းပြည်ကို အုပ်ချုပ်တဲ့ အဖွဲ့ကို နာမည် ဘယ်လိုပြောင်းပြောင်း စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ပဲ ဖြစ်ခဲ့တာ ပါ။ ဒီလိုနည်းနဲ့ တိုင်းပြည်ဟာ အိမ်နီးချင်းနိုင်ငံတွေ ကaမျှာ်ကြည့်ရတဲ့၊အာရှမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အကောင်းဆုံး နိုင်ငံအဖြစ်ကနေ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ စာရင်းဝင်အဖြစ် ကျရောက်ခဲ့ရတာပါ။ ဒီလို ဖြစ်ရတာဟာ စစ်အာဏာရှင် စနစ်ကြောင့်လို့ ပြောရင် ရနိုင်ပေမယ့် အဲဒီ ချိန်က စစ်အရာရှိတွေကို ပါတီနဲ့ အုပ်ချုပ်ရေး ပိုင်းလောက်မှာပဲ နေရာချထား ပေးခဲ့ပါသေးတယ်။

၁၉၈၈ ပြည်သူလူထုရဲ့ ဒီမိုကရေစီရရှိရေး အုံကြွတောင်းဆိုမှုအပြီး အာဏာသိမ်းတက်လာတဲ့ စစ်အစိုးရ လက်ထက်မှာတော့ အခြေအနေ ပိုဆိုးသွားခဲ့ပါတယ်။ ပထမ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်တဲ့ စစ်အာဏာရှင် အစိုးရဟာ တပ်မတော်နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ကိုင် ခဲ့ပါတယ်။ အဲဒါကတော့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်နေရာတွေ မှာတိုင်းရင်းသားတွေကို လုံးဝ နေရာမပေး တော့ပဲ မဟာဗမာ လူမျိုးကြီးဝါဒ ကြီးစိုးတဲ့ တပ်မတော်ဖြစ်အောင် လုပ်တာနဲ့ တိုင်းပြည်ကို စစ်ဗျူရိုကရေစီ ယန္တယား သွတ်သွင်းနိုင်အောင် စစ်အရာရှိ အမြောက် အများ မွေးထုတ်တာပဲ ဖြစ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၈၈ လူထု အုံကြွမှုကြီးကို မြင်လိုက်ရတဲ့ စစ်အာဏာရှင်တွေဟာ တိုင်းသူပြည် သား အားလုံးကို ယုံကြည်မှု မရှိတော့ပဲ နောက်တစ်ကြိမ် တစ်တိုင်းပြည်လုံး ဆန္ဒပြ အုံကြွတာမျိုး ဖြစ်ခဲ့ရင်တောင် စစ်တပ်ကနေ ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင် အုပ်ချုပ်သွားနိုင်မယ့် စစ်ဗျူရိုကရေစီ ယန္တယားတစ်ရပ် တည်ဆောက်ဖို့ ကြိုးစား ခဲ့ပါတော့တယ်။ ၁၉၈၈ မတိုင်ခင်အထိ တစ်နှစ်ကို စစ်ဗိုလ် ၁၅၀ ဝန်းကျင်လောက်ပဲ လေ့ကျင့် မွေးထုတ်ပေးတဲ့ DSA ခေါ် ပြင်ဦးလွင် စစ်တက္ကသိုလ် ကနေ ၂၀၀၀ ခုနှစ် ဝန်းကျင်အရောက်မှာ တစ်နှစ် အယောက် ၃၀၀၀၊ အဆ ၂၀ လောက် မွေးထုတ်သည်အထိ လုပ်ကိုင်ခဲ့ကြပါတယ်။ နဂို စစ်တက္ကသိုလ် သင်တန်း ၄ နှစ်နေရာမှာ ၃ နှစ်လျော့ချ သတ်မှတ်ပြီး စစ်ဗိုလ်တွေကို မြန်မြန်ဆန်ဆန်နဲ့ များများစားစား မွေးထုတ်ခဲ့တာပါ။

ဒါတင်မက နောက်ပိုင်း စစ်ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာ တက္ကသိုလ်တွေထပ် တည်ထောင်ပြီး စစ်ဗိုလ် တွေ ထပ်မွေးထုတ် ပြန်ပါသေးတယ်။ အဲဒီက မွေးထုတ်ပေးလိုက်တဲ့ စစ်ဗိုလ်တွေဟာ တပ်မတော်မှာ ကာလတစ်ခု တာဝန် ထမ်းဆောင်ပြီးတာနဲ့ အရပ်ဘက် ဝန်ကြီးဌာန အသီးသီးကို မိုးကျရွှေကိုယ်အဖြစ် အဆင့်မြင့် ရာထူးတွေမှာ နေရာချထား ပေးလိုက်ပါတော့တယ်။

စစ်အာဏာရှင်တွေရဲ့ ရည်ရွယ်ချက်ကတော့ အုပ်ချုပ်ရေးနဲ့ ဝန်ကြီးဌာန အသီး သီးရဲ့ ထိပ်ပိုင်း အဆင့်မြင့်ရာထူးနေရာ အဆင့်ဆင့်မှာ စစ်ဗိုလ်တွေကို ခန့်အပ်ခြင်းအားဖြင့် အစိုးရဌာန အားလုံး တပ်မတော် အပေါ် သစ္စာခံစေဖို့ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ကျွမ်းကျင်မှု မရှိသူတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ အစိုးရ ဗျူရိုကရေစီ ယန္တယား အရည်အသွေး အလွန်နိမ့်ပါးပြီး တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေးနဲ့ နယ်ပယ် အားလုံး လိုလိုလောက်မှာ ကျဆင်းမှု ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရာမှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးထက် ပိုပြီး အရေးကြီးတာက အာဏာရှင်တွေ အမြစ်တွယ်အောင် လုပ်ထားတဲ့ စစ်ဗျူရိုကရေစီ ယန္တ ယား ဖျက်သိမ်းရေးက ပိုပြီး အဓိကကျပါတယ်။ စစ်ဗျူရိုကရေစီ ယန္တယားကို မဖျက်သိမ်းနိုင်ဘူးဆိုရင် အစိုးရ စွမ်းဆောင်ရည် ကျဆင်းပြီးရင်း ကျဆင်းနေမှာဖြစ်ပြီး တိုင်းပြည်စီးပွားရေးနဲ့ အဖက်ဖက်က ဖွံ့ဖြိုး တိုးတက်ဖို့ကိုလည်း လုံးဝ မျှော်မှန်းနိုင်မှာ မဟုတ်ပါဘူး။ ဒီထက် အရေးကြီးတာက ပြည်သူတွေရဲ့ ရင်သွေး၊ သားသမီးတွေ ဖြစ်တာခြင်း အတူတူ စစ်အရာရှိတွေနဲ့ အရပ်သား ဝန်ထမ်း၊ အရာရှိတွေအကြား စိတဝမ်းကွဲပြားစေမှု ဖြစ်ပါတယ်။ အဲဒီလို ဖြစ်အောင် အရင် စစ်အာဏာရှင်တွေက စနစ်တကျ ဖန်တီးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ စစ်ဗျူရိုကရေစီ ယန္တယား ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်တဲ့အခါ အာဏာရှင်တွေရဲ့ သားကောင်ချင်းအတူတူ အရပ်သားနဲ့ စစ်ဗိုလ် သဘောထား ကွဲလွဲမှုတွေ မဖြစ်ပေါ်စေပဲ စစ်အာဏာ ရှင်တွေ ဖန်တီး ထားခဲ့တဲ့ စစ်ဗျူရိုကရေစီ ယန္တယား တိုက်ဖျက်ရေး၊ အရည်အသွေးရှိပြီး စွမ်းဆောင်ရည် မြင့်တဲ့ အစိုးရယန္တယား ပေါ်ပေါက်လာရေးကို ဂရုပြု လုပ်ဆောင်သွားသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags