စစ်ယူနီဖောင်းဝတ်ပြီး သရုပ်ဖော်သည့် လူရွှင်တော်များကို တပ်မတော် တရားစွဲ

08 May 2019
စစ်ယူနီဖောင်းဝတ်ပြီး သရုပ်ဖော်သည့် လူရွှင်တော်များကို တပ်မတော် တရားစွဲ
  (ဓာတ်ပုံ- ဇွဲ အငြိမ် ဖေ့စ်ဘွတ်မှ)

နေပြည်တော်(မေလ ၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ လွန်ခဲ့သည့် တစ်လကျော်က စစ်ယူနီဖောင်းဝတ်ဆင်ကာ သရုပ်ဖော်၊ တင်ဆက်မှုများပြုလုပ်ခဲ့သည့်  “ဇွဲ” အငြိမ့်အဖွဲ့မှ လူရွှင်တော် ငါးဦးကို အရေးယူပေးရန် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသည့် တပ်မတော်အရာရှိတစ်ဦးက ဇဗ္ဗူသီရိမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားလိုက်သည်။

မတ်လ ၃၁ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲတွင် ဖျော်ဖြေခဲ့သည့် ပြကွက်တချို့အတွက် လူရွှင်တော်များဖြစ်ကြသည့် ပန်းသီး၊ စိမ်းလန်း၊ အာလူး၊ ဇောက်ထိုးနှင့် ဒိုးပေါက်တို့ကို အရေးယူရန် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂ဝဝဖြင့် ဒုဗိုလ်မှူးကြီး မြင့်ဦး ဆိုသူက တရားရုံးတွင် ဦးတိုက်လျှောက်ထားခြင်း ဖြစ်သည်။

အဆိုပါ ဦးတိုက်လျှောက်ထားလွှာသည် အချက်အလက်များ ပြည့်စုံမှုမရှိသေးဟု တရားသူကြီးက ယူဆသည့် အတွက် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၀၂အရ လူရွှင်တော်များကို စစ်ဆေးမှုများ ပြုလုပ်ရန် တရားရုံးက နေပြည်တော် အမှတ်(၁) ရဲစခန်းသို့ လွှဲပြောင်းတာဝန်ပေးထားသည်။

“အခု ၂၀၂ဆိုတာက တရားသူကြီးတွေ လုပ်လေ့ရှိပါတယ်။ ကြီးတဲ့ ရာဇဝတ်မှုပုံစံမျိုး သူတာဝန်မယူချင်ရင် ချက်ချင်း သူလက်မခံဘူး။ ချက်ချင်းလည်း မပယ်ဘူး။ ရဲဆီကို ချပေးလိုက်တယ်။ အဲ့တော့ ရဲက သူ့ဆီ ပြန်တင်တဲ့အခါမှာ ၂၀၃နဲ့ ပယ်ချင်ရင် ပယ်မယ်။ ၂၀၄နဲ့ လက်ခံချင် လက်ခံမယ်။ ၂၀၄နဲ့ လက်ခံရင်တော့ တစ်ဖက်ကို ဆင့်ခေါ်ရမှာပေါ့ဗျာ။ ဆင့်ပြီးတော့မှ အမှုက ဆက်သွားမှာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဥပဒေကြောင်းအရ ရှင်းပြသည်။

အဆိုပါ လူရွှင်တော်များကို အမှုနှင့်ပတ်သက်ပြီး စစ်ဆေးရန် နေပြည်တော်အမှတ်(၁)ရဲစခန်းမှ ဒုရဲအုပ် ကျော်ဇင်ဝင်းက ရန်ကုန်မြို့သို့ ယမန်နေ့က သွားရောက်ခဲ့သည်။ သို့ရာတွင် လူရွှင်တော် ငါးဦးစလုံးနှင့် မတွေ့ခဲ့ရဘဲ “ဇွဲ” အငြိမ့်အဖွဲ့မှ မန်နေဂျာဆိုသူကိုသာ တွေ့ခဲ့သည်ဟု ဆိုသည်။

“တစ်ယောက်က ဟင်္သတကို ပြန်တယ်တဲ့။ တစ်ယောက်က မန္တလေးမှာ၊ တစ်ယောက်က ဘုန်းကြီးဝတ် နေတယ်။ ကျန်တဲ့နှစ်ယောက်ကလည်း သူ့အိမ်တွေ ပြန်နေလို့လေ။ သူတို့ကတော့ ၁ရရက်နေ့ကျရင်တော့ လူစုပေးမယ်လို့ ပြောတယ်။ အဲ့ကျရင်တော့ သူတို့ (နေပြည်တော်ကို) လာအစစ်ခံမလား။ ကျွန်တော် သွားစစ်ရမလားတော့ မပြောတတ်သေးဘူး” ဟု ဒုရဲအုပ် ကျော်ဇင်ဝင်းက မဇ္ဈိမကို ပြောသည်။

နေပြည်တော်ရှိ ခြေ/ဥပြင်ဆင်ရေး ထောက်ခံပွဲမှ အဆိုပါ လူရွှင်တော်များ၏ သရုပ်ဖော်၊ တင်ဆက်မှုများနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က အရေးယူရန် ပြင်ဆင်နေသည်ကို ကြားသိရသော်လည်း ၎င်းအနေဖြင့် လွှတ်တော်ပိုင်းကို တာဝန်ယူထားသည့်အတွက် ဂဃနဏ မသိသေးကြောင်း နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူးလည်းဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဗိုလ်မှူးချုပ် မောင်မောင်က မေလ ၈ရက်တွင် သတင်းထောက်များကို ပြောသည်။

“လူရွှင်တော်က ယူနီဖောင်းဝတ်ပြီးတော့မှ ဘေးနားကတစ်ယောက်ကို ပခုံးပေါ် ခြေထောက်တင်ထားတာတို့၊ နောက်ပြီးတော့ ယူနီဖောင်းဝတ်ပြီးတော့မှ ‘ငါတို့စစ်တပ်က ဘာညာ’ ပုံစံမျိုး ခြိမ်းခြောက်တဲ့ပုံစံ၊ အဲ့လိုပုံစံ သရုပ်ဆောင်ပြတယ်လို့ ပြောတယ်။ ကျွန်တော်လည်း နည်းနည်းတော့ တွေ့လိုက်တယ်။ ဘယ်ပုဒ်မနဲ့ ဆွဲတယ် အသေးစိတ်တော့ ကျွန်တော် မသိဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ လူရွှင်တော်များကို မည်သည့် ပုဒ်မဖြင့် တရားစွဲဆိုရန် စီစဉ်နေသည်ကို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် ယင်းအမှုနှင့်ပတ်သက်ပြီး မသိသေးကြောင်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ ကိုသာ မေးမြန်းရန် ပြန်လည်ဖြေကြားသည်။

သို့သော် မဇ္ဈိမအနေဖြင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများကို ဆက်သွယ်နိုင်ခဲ့ခြင်း မရှိပေ။

ကာယကံရှင်ဖြစ်သူ လူရွှင်တော် ပန်းသီးကလည်း ၎င်းအနေဖြင့် လက်ရှိတွင် နယ်ရောက်နေပြီး တပ်မတော် ဘက်က တရားစွဲရန် စီစဉ်နေသည်ကို သတင်းကြားသော်လည်း တိတိကျကျ မသိသေးကြောင်း ပြောဆိုသည်။
“ဇွဲ အငြိမ့်” ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသော ဓာတ်ပုံအရ နေပြည်တော်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲတွင် အခြေခံစစ်ပညာလေ့ကျင့်ရေးသင်တန်း ယူနီဖောင်း ဝတ်ဆင်ထားသူ လူရွှင်တော်တစ်ဦးက အရပ်ဝတ်ဖြင့် ထိုင်နေသည့် နောက်ထပ် လူရွှင်တော်တစ်ဦး၏ ပခုံးပေါ်သို့ ခြေထောက်တစ်ဖက်တင်ကာ သရုပ်ဖော်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တို့ကို အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ အပြင် ဧရာဝတီနှင့် RFA သတင်းဌာနတို့ကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တို့ ဖြင့် တပ်မတော်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly