သောက်ရေရှားပါးသော မင်းတုန်းမြို့နယ်တွင် စည်ပင်ရေတိုင်များ တပ်ဆင်ပေးမည်

By တင်ရွှေ(မဇ္ဈိမ)
07 May 2019
သောက်ရေရှားပါးသော မင်းတုန်းမြို့နယ်တွင် စည်ပင်ရေတိုင်များ တပ်ဆင်ပေးမည်

မကွေး၊ မေ ၇ ။          ။ မြေအောက်ရေတူးဖော်ရန်မလွယ်ကူသော မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်ရှိ ဒေသခံပြည်သူများ သောက်သုံးရေ ရရှိရန် စည်ပင်ရေတိုင်များကို လုံလောက်စွာ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 “လတ်တလောမှာ မကွေးတိုင်းအစိုးရအဖွဲ့က ရေပေးဝေရေးနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူ သုံးစွဲဖို့ ငွေကျပ်(၅၆)သိန်းထောက်ပံ့ပေးထားပါတယ်။ ယခင်က စည်ပင်ရေတိုင်(၃၈၀)ရှိရာမှ ယခုနှစ်အတွင်း ရေတိုင် (၄၀၀) ထပ်မံ တိုးချဲ့ တပ်ဆင်ပေးခဲ့ခြင်းကြောင့် ပြည်သူသုံးစည်ပင်ရေတိုင်(၈၇၇)တိုင် ရှိနေပြီ ဖြစ်ပါတယ်” ဟု စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်အမှုဆောင်အရာရှိ ဦးသိန်းဝင်း က ပြောသည်။

မင်းတုန်းမြို့နယ်ရှိ ဒေသခံများသည် မင်းတုန်းချောင်းရေကိုသာ သောက်သုံးရေအတွက် အားထားနေရပြီး ဒေသခံများ၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တိုင်းဒေသကြီးအစိုးရမှ ကျပ်(၅၆)သိန်း ထောက်ပံ့ပေးထားကြောင်း မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ သိရသည်။

“ဒီမြို့မှာ အဝီစိတွင်းတွေက တူးမရဘူး။ ကျောက်လွှာတွေ ရှိနေတော့။ ကျေးလက်ဦးစီးဌာနက စက်ကြီးတွေနဲ့ လာတူးတာကို တူးလို့မရဘူး။ ပေ ၆၀၀ ၊ ပေ ၇၀၀ ထိတူးတာကိုပဲ ကျောက်ဖျာတွေချည်းတွေ့ပြီးတော့ ထွက် လာတဲ့ရေကလည်း ချွဲကျိနေတော့ သောက်လို့လည်းမရဘူး။ သုံးလို့လည်းမရဘူး။ ဒါ့ကြောင့် မင်းတုန်းချောင်း ရေကိုပဲ သုံးနေရပါတယ်။ ယခင် တုန်းကတော့ ပြည်သူတွေက ချောင်းကိုလာပြီး ရေချိုးကြရတယ်။ အခု စည်ပင်သာယာက စက်ပစ္စည်းတွေသုံးပြီး ရေပေးဝေရေး ဆောင်ရွက်ပေးနေပါတယ်” ဟု အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ဆက်ပြောသည်။
မင်းတုန်းချောင်းနှင့်နီးစပ်ပြီး မြေအောက်ရေထွက်သည့် အမှတ်(၁)ရပ်ကွက်တွင် တုံကင်တွင်း(၅၆)တွင်း ၊ တွင်းကျယ်(၁၀)တွင်း ရှိသောကြောင့် ရေပေးဝေရေးလုပ်ရန် မလိုကြောင်း ၊ အမှတ်(၂) ၊ အမှတ်(၃)၊ အမှတ်(၄) ရပ်ကွက်များမှာ စည်ပင်ရေငုတ်ကိုသာ အားထားသုံးနေရကြောင်း ၊ ယခုနှစ်မိုးကာလ၌ လိုအပ်ချက်ရှိနေသည့် နေအိမ်များအတွက်လည်း စည်ပင် ရေတိုင်များ ထပ်မံဖြည့်ဆည်းတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly