လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာနည်းဥပဒေများ ပေါ်ထွက်လာရေး ဆွေးနွေး

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာနည်းဥပဒေများ ပေါ်ထွက်လာရေး ဆွေးနွေး
မိုးကုတ်ကျောက်မျက်တူးဖော်ခြင်းလုပ်ကိုင်နေကြသောအလုပ်သမားများတွေ့ရစဉ်။ ဓာတ်ပုံ - EPA

နေပြည်တော်၊ မေ ၆ ။     ။ မကြာသေးခင်ကမှ ပြဋ္ဌာန်းလိုက်သော အလုပ်သမားများနှင့်အလုပ်ရှင်များအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာဥပဒေကို လက်တွေ့အကောင်ထည်ဖော်မည့် နည်းဥပဒေ ပေါ်ထွက်လာစေရေး အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများမှတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။

မေ ၆ ရက်နေ့က နေပြည်တော်၊ M Gallery ဟိုတယ်တွင်  ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မေ ၇ ရက်တွင်ပါ ကျင်းပမည် ဖြစ်ကာ စုစုပေါင်း ၂ ရက် ကျင်းပသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေးဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ် ၁၅ ရက်နေ့မှသာ ပြည်ထောင်စုလွှတ်တော်တွင် စတင်အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ခြင်း ဖြစ်ပြီး ယခင်က အလုပ်ရုံများအက်ဥပဒေကို ကျင့်သုံးနေခဲ့ရခြင်း ဖြစ်သည်။  

“မြန်မာနိုင်ငံကတော့ အရင်တုန်းကတော့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဥပဒေ ဆိုတာ မရှိဘူး။ အလုပ်ရုံများအက်ဥပဒေနဲ့ပဲ ကျင့်သုံးနေတာဖြစ်ပါတယ်။ အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကလည်းပဲ အရင်တုန်းကတော့ စက်ရုံ၊ အလုပ်ရုံတွေမှာပဲ သက်ဆိုင်ပြီးတော့မှ အခုအခါမှာတော့ လုပ်ငန်းခွင် ဘေးအန္တရာယ်ရှိတဲ့ဌာနတွေ အများကြီးနဲ့ သက်ဆိုင်မှာ ဖြစ်ပါတယ် ”ဟု အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဥပဒေကို ၁၉၇၈ ခုနှစ်၊ အင်္ဂလန်တွင် စတင် ကျင့်သုံးခဲ့ပြီး လက်ရှိ အာဆီယံနိုင်ငံအများအပြားတွင် ကျင့်သုံးနေကြသော ဥပဒေလည်း ဖြစ်သည်။

လက်ရှိတွင် ဥပဒေပြဋ္ဌာန်းပြီးဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်ရမည့် နည်းဥပဒေ ထွက်ပေါ်လာရေး  ယင်းကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲလုပ်ကာ ပြဋ္ဌာန်းသတ်မှတ်နိုင်ရေး ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

ယင်း ဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊စင်ကာပူ အလုပ်သမားဌာနအသီးသီးတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အခြားသက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုဥပဒေကို ကျင့်သုံးနေသည့် အာဆီယံနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်သည့်အဆင့် အထိ ရောက်အောင် ကြိုးစားသွားမည်ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ဆိုသည်။

“နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ ဒီဥပဒေကြီးက အာဆီယံဒေသတွင်းမှာ ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်တဲ့ဥပဒေဆိုတာကို သူတို့သိမှပဲ သူတို့တွေ လာပြီးတော့ ရင်းနှီးမြှပ်နှံဖို့ စိတ်ချမှာ ဖြစ်ပါတယ် ။ အဲဒီတော့ ကျွန်တော်တို့ ဥပဒေကို အာဆီယံ အဆင့်ထိတော့ အနည်းဆုံးမျှော်မှန်းထားတယ်”ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် ယင်းနည်းဥပဒေအတွက် ILO(အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့) ၊ အမေရိကန်နိုင်ငံ၊ ဗီယက်နမ်၊ စင်ကာပူနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများမှ ကျွမ်းကျင်ပုဂ္ဂိုလ်များ၏ အတွေ့အကြုံများ ရယူကာ လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ခြင်းလုပ်ငန်း၊ ရေနံတူးဖော်ရေး၊ လျှပ်စစ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ သယံဇာတ စသည့် လုပ်ငန်းများကိုပါ ၄င်းဥပဒေဖြင့် လွှမ်းခြုံနိုင်ရေးကို အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမားဝန်ကြီးဌာန နှင့် အခြား သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ယင်းဆွေးနွေးပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required