တစ်ရက်တည်းအတွင်း ရေးနှင့် တောင်ငူတွင် ရထားနှင့် ကားတိုက်မှုဖြစ်ပွား၊ ယာဉ်မောင်း ၁ ဦးသေဆုံး

တစ်ရက်တည်းအတွင်း ရေးနှင့် တောင်ငူတွင် ရထားနှင့် ကားတိုက်မှုဖြစ်ပွား၊ ယာဉ်မောင်း ၁ ဦးသေဆုံး
ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ မေလ ၅ ။     ။ တစ်ရက်တည်းအတွင်း ရေးနှင့် တောင်ငူတွင် ရထားနှင့် ကားတိုက်မိမှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းတစ်ဦး သေဆုံး ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

မေလ ၄ ရက်၊ နံနက် ၈ နာရီ၊ ၄ဝ မိနစ်ခန့်က မွန်ပြည်နယ် ၊ ရေးမြို့နယ်၊ ထင်းရှူးဘူတာနှင့် ကျောင်းရွာ ဘူတာကြား မိုင်တိုင် (၂၃၉/၁၆-၁၇) ကြား၌ ထင်းရှူးကျေးရွာမှ လယ်တောသို့ အသက် ၃ဝ အရွယ် ထွန်းထွန်းဝင်း ဆိုသူ မောင်းနှင်လာသည့် Nissan မြေသယ်ယာဉ်သည် တရားမဝင် သံလမ်းကူးအား ဖြတ်သန်း မောင်းနှင်စဉ် ရန်ကုန်-ထားဝယ် အမှတ်(၁၇၅)အဆန်ရထားက ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရထားတိုက်မှုကြောင့် ထွန်းထွန်းဝင်းတွင် ဝဲ/ယာဒူး ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိ၍ သံဖြူဇရပ်မြို့ ပြည်သူ့ဆေး ရုံသို့ ပို့ဆောင် ကုသခဲ့ကာ လက်ရှိတွင်  ထွန်းထွန်းဝင်းအား လမိုင်နယ်မြေရဲစခန်းတွင် (ပ)၅၆/၂၀၁၉၊ မီးရထား ပို့ဆောင်ရေး ဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ မေလ ၄ ရက်၊ နံနက် ၁ဝ နာရီ၊ ၄ဝ မိနစ်အချိန်ကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ကျေးတော ဘူတာနှင့် တောင်ငူ ဘူတာကြား မိုင်တိုင်(၁၆၁/၅-၆)ကြား၌ အနောက်မှအရှေ့သို့ အသက် ၂၈ နှစ်အရွယ် နေမျိုးအောင် (ခ)ချက်ကြီး မောင်းနှင်ပြီး အသက် ၂၆ နှစ်အရွယ် မျိုးသူလိုက်ပါသည့် ယာဉ်နောက်ခန်းတွင် ပျဉ်းကတိုးကြမ်း ပြား ၅၀၅ ချောင်း (၀.၇၁ တန်ခန့်)တင်ဆောင်လာသည့်  Aeras Nissan ယာဉ်(လိုင်စင်-စိစစ်ဆဲ)မှာ တရားမဝင် သံလမ်းကူးအား ဖြတ်သန်းမောင်းနှင်စဉ် နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်ရထားက ဝင်ရောက် တိုက်မိခဲ့ကြောင်းသိရသည်။

 

ယာဉ်တိုက်မှုကြောင့် နေမျိုးအောင်(ခ)ချက်ကြီးပါ ၂ ဦးတွင် ယာချို စောင်း/ နဖူး/ ဒူး ဖူးရောင် ပေါက်ပြဲ၊ ဝဲနားသွေးထွက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိ၍ တောင်ငူမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသစဉ် နေမျိုးအောင်(ခ)ချက်ကြီးမှာ ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် သေဆုံးသူ နေမျိုးအောင် (ခ)ချက်ကြီးအား တောင်ငူမြို့မရဲစခန်းတွင် (ပ)၅၅၉/၂၀၁၉၊ မီးရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းနှင့် သိမ်းဆည်းရမိသည့် ပျဉ်းကတိုးကြမ်းပြားများအား သစ်တော ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။
-
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required