၂၀၁၈ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၅၃ဝဝ ကျော် ဆုံးရှုံးခဲ့ရ ဟု ဒုတိယဗိုလ်ချုပ်ကြီးပြော

၂၀၁၈ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၅၃ဝဝ ကျော် ဆုံးရှုံးခဲ့ရ ဟု ဒုတိယဗိုလ်ချုပ်ကြီးပြော
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ မေလ ၅ ။       ။ မြန်မာတစ်နိုင်ငံလုံး၌ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်းက မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၅၃ဝဝ ကျော် ဆုံးရှုံးခဲ့ရပြီး ယင်းပမာဏမှာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်ထက် ၈ ဆအထိ လျော့ကျလာသည့် ပမာဏဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။

၂ဝ၁၈ ခုနှစ်အတွင်း မီးလောင်မှုအကြိမ်ရေမှာ ၁၇၃၉ ကြိမ်ထိရှိပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၅၃ဝဝ ကျော်နှင့် ၂ဝ၁၇ ခုနှစ်အတွင်း မီးလောင်မှုမှာ ၁၈၃၂ ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၄ရဝဝဝ ကျော် ရှိခဲ့ကာ ယင်းပမာဏနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ၂ဝ၁၈ ခုနှစ်အတွင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ၂ဝ၁၇ ခုနှစ်ထက် ၈ ဆကျော်ထိ လျော့ကျသွားကြောင်းတွေ့ရသည်။

" ဒီလိုလျော့နည်း ကျဆင်းလာတာဟာ မီးသတ်ဦးစီးဌာနရဲ့ မီးဘေးလုံခြုံရေး လုပ်ငန်းစဉ်တွေဖြစ်တဲ့ မီးဘေး သတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနဲ့ မီးငြိမ်းသတ်ရေးလုပ်ငန်းတွေကို တစ်ဆင့်ပြီး တစ်ဆင့် အားကောင်းကောင်းနဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလို့ပဲဖြစ်တယ်"ဟု ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။

မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ရန်ကုန် မြို့၊ မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ စစ်ရေးပြကွင်းတွင် ကျင်းပပြု လုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

" ဒီနေ့ အချိန်အခါမှာ နေရာတိုင်း၊ နယ်ပယ်တိုင်းမှာ အဆင့်မြင့်နည်းပညာတွေနဲ့ ဆောင်ရွက်နေကြပြီဖြစ်တယ်။ မီးသတ်လုပ်ငန်းမှာ အဆင့်မြင့် နည်းပညာပိုင်းတွေနဲ့ ဆောင်ရွက်ခဲ့လို့ ယခင်ကထက် အောင်မြင်မှုတွေ ရနေပြီ ဆိုတာ လက်တွေ့မှာ အထင်အရှား တွေ့နေရပြီဖြစ်တယ်။ မီးလောင်မှု သဘောတရားကို ဆန်းစစ်ကြည့်မယ် ဆိုရင် ဘယ်လို မီးပဲလောင်လောင် လောင်တဲ့မီးကို  အမြန်ဆုံးငြိမ်းသတ်နိုင်ရေးအတွက် ဉာဏ်ရည်အဆင့်မြှင့် ပြီး  အမြင်ကျယ်ရတော့မှာဖြစ်တယ်။ ဓာတုဗေဒသဘော၊ ရူပဗေဒသဘောကို အပြည့်အဝ သိရှိနားလည် ရမယ့်အပြင် ခေတ်စနစ်နဲအညီ မီးငြိမ်းသတ်ရေးပညာရပ်တွေကို ကျွမ်းကျင်အောင် ကြိုးပမ်းဆောင်ရွက် ထားကြဖို့ အလေးအနက် မှာကြားလိုတယ်"ဟု ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မီးသတ်တပ်ဖွဲ့ဝင်များကို တိုက်တွန်းခဲ့သည်။

လက်ရှိတွင် ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အထိ မီးသတ်ယာဉ်နှင့် စက်အင်အား ၃၄၈၈ စီး အထိ ဖြည့်တင်း နိုင်ခဲ့ပြီး ခေတ်မီ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများကိုလည်း  ဖြည့်တင်း ပေးနေကြောင်း သိရသည်။

ပိုလန်နိုင်ငံ၏ Official Development Assistance- ODA အစီအစဉ်ဖြင့် လက်ရှိတွင် ပိုလန်နိုင်ငံထုတ် ခေတ်မီ ယာဉ်နှင့် စက်ပစ္စည်းကိရိယာများအားလုံး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကာ သက်ဆိုင်ရာဒေသများသို့ ဖြန့်ခွဲ ထုတ်ပေးထားပြီး ဖြစ်ကြောင်း၊ အဆိုပါ  ခေတ်မီယာဉ်နှင့် စက်ပစ္စည်းကိရိယာများကို စနစ်တကျ ကိုင်တွယ် ထိန်းသိမ်း မောင်းနှင်နိုင်ရန်နှင့် ရေရှည် အသုံးပြုနိုင်ရန်အတွက် ပိုလန်နိုင်ငံမှ နည်းပြများဖြင့် သင်တန်းများကိုလည်း ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။

မီးသတ်တပ်ဖွဲ့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်မီးသတ်ဦးစီးမှူးရုံး ၁၅ ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး ၇၄ ရုံး၊ ခရိုင်မီး သတ်စခန်း ၇၄ စခန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ ၃၃ဝ ရုံး၊ မြို့နယ်မီးသတ်စခန်း ၃၃ဝ စခန်း၊ နယ်မြေမီး သတ်စခန်း ရဝ၃ စခန်းနှင့် ခွင့်ပြုအင်အား ၂၅ဝဝဝ နီးပါး (၂၄၆၅၉ ) ဦးထိ တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required