ချင်းတွင်းမြစ်အတွင်း စက်လှေနစ်မြုပ်ခဲ့မှုမှ တိမ်းရှောင်နေသော စက်လှေမောင်းသမားကို ဖမ်းမိ

ချင်းတွင်းမြစ်အတွင်း စက်လှေနစ်မြုပ်ခဲ့မှုမှ တိမ်းရှောင်နေသော စက်လှေမောင်းသမားကို ဖမ်းမိ
 စက်လှေနစ်မြုပ်မှုမှ ရေနစ်သူများအား သယ်ဆောင်နေစဉ်

မေ ၄ ၊ မုံရွာ ။     ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်အတွင်း သင်္ကြန်အကြတ်နေ့က ဖြစ်ပွားခဲ့သော လူ ၉ ဦး သေဆုံးခဲ့သည့် စက်လှေနစ်မြုပ်ခဲ့မှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် စက်လှေမောင်းသမားကို မေ ၄ ရက်က ဖမ်းဆီးရမိခဲ့သည်။

" စက်လှေနစ်ပြီးကတည်းက စုံစမ်းတာတွေပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာ သူ ရွာကို ပြန်ရောက်နေတယ်လို့ သတင်းရရခြင်း သွားရောက်ဖမ်းဆီးခဲ့တာပါ " ဟု မုံရွာမြို့မရဲစခန်း၊ ဒုရဲအုပ် နေဇော်က မဇ္ဈိမသို့ ပြောသည်။

ယင်း စက်လှေမောင်းသမားအား မုံရွာမြို့မရဲစခန်းမှ ဒုရဲအုပ်နေဇော်နှင့် အဖွဲ့၊ ညောင်ပင်ကြီး ရဲစခန်း ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်း စက်လှေနစ်မြုပ်မှုတွင် ချင်းတွင်းမြစ်အနောက်ဖက်ကမ်းမှ လူ ၄၀ နီးပါး တင်ဆောင်ခဲ့ခြင်းဖြစ်ပြီး အများစုမှာ ချင်းတွင်းသင်္ကြန်သို့ လာရောက်ကြသူများ ဖြစ်သည်။

အဆိုပါ စက်လှေမှာ မုံရွာဘက်ကမ်းသို့ မရောက်မီ နစ်မြုပ်ခဲ့ခြင်း ဖြစ်ပြီး စက်လှေဖြင့် လိုက်ပါလာသူ ၉ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ စက်လှေမှာ လူ ၂၀ ခန့်သာ လိုက်ပါစီးနင်းနိုင်ခြင်း ဖြစ်သည်။

စက်လှေ စတင်မထွက်ခွာမှီ လှေဝမ်းအတွင်း ရေများ စိမ့်ဝင်နေပြီး စက်လှေနှင့် ဝန်အား မမျှသဖြင့် ဝမ်းဗိုက်အတွင်း ရေများစိမ့်ဝင်၍ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

လူ ၄၀ ခန့် တင်ဆောင်၍ စက်လှေ နစ်မြုပ်အောင် မောင်းနှင်ခဲ့သည့် ဆားလင်းကြီးမြို့နယ် ရွာရှည်ကျေးရွာနေ ကိုတင်ဝင်းဆိုသူအား မုံရွာမြို့မရဲစခန်းတွင် (ပ)၈၂၈/ ၂၀၁၉ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၂၈၀/၃၀၄- က ဖြင့် အမှုရေးဖွင့်ထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required