တိုက်ပွဲဖြစ်သည့်ဒေသများတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုမဖြစ်စေရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

တိုက်ပွဲဖြစ်သည့်ဒေသများတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုမဖြစ်စေရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဧပြီလ ၄ ။     ။ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် ဒေသများတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုမဖြစ်စေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် AA အဖွဲ့တို့ နှစ်ဖက်စလုံး ဂရုပြုကြပါရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ တိုက်တွန်း ထားသည်။

အဆိုပါ တိုက်တွန်းချက်ကို လူ့အခွင့်အရေးကော်မရှင်က မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ထုတ်ပြန်ချက်ကို အချက်နှစ်ချက်ဖြင့် ဖော်ပြထားသည်။ထုတ်ပြန်ချက်တွင် “ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် မသင်္ကာဖွယ် အမျိုး သား ၂၇၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေတ္တ ထိန်းသိမ်းစစ်ဆေးနေစဉ် မေလ ၂ ရက်နေ့၊ နံနက် ၂ နာရီ အချိန်ခန့်၌ အဆိုပါ ထိန်းသိမ်းထားသူများအနက် အချို့က ညာသံပေး အော်ဟစ်၍ ဝိုင်းဝန်းအကြမ်းဖက်တိုက် ခိုက်ရန် ကြိုးပမ်းလာကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခုခံကာကွယ်ရန်အတွက် ပစ်ခတ်ထိန်းသိမ်း လူစုခွဲ ခဲ့ရာ အမျိုးသား ၆ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိကာ ၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့် ဒေသများတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှု မဖြစ်စေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်းကောင်း၊ AA လက်နက်ကိုင် အဖွဲ့အနေဖြင့်လည်းကောင်း နှစ်ဘက်စလုံးက ဂရုပြုကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။”ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် အခင်းဖြစ်ပွားခဲ့သည့် ကျောက်တန်းကျေးရွာမြောက်ဘက်တွင်ရှိ AA ရက္ခိုင့်တပ်စခန်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ဘက်မှ ထုတ်ပြန်ထားပြီး ထို့နောက် ကျောက်တန်း ရွာနှင့် စေတီတောင်ရွာဘက်များတွင် ယင်းစခန်းမှ ထွက်ပြေးလာသည့် AA အဖွဲ့ဝင်များ ခိုအောင်းနေသည် ဆိုသော သတင်းများအရ ကျောက်တန်းရွာတွင် ရှိနေသည့် အမျိုးသား ၂၇၅ ဦးအား တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုရွာရှိ စာသင်ကျောင်းဝင်းထဲတွင် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အသက် ၁၅နှစ်မှ အသက် ၅ဝ အတွင်း အမျိုးသား ၂၇၅ယောက်ကို စစ်ကြောရေးများ လုပ်နေစဉ် အဖမ်းခံရ သည့်သူများထဲက သေနတ်ဝင်လုမည့် အခြေအနေထိ ဖြစ်လာခြင်းကြောင့် ထိုသို့ ပစ်ခတ်ထိန်းသိမ်းခဲ့ခြင်းဖြစ် ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေလ ၃ ရက်နေ့၊ မွန်းလွဲပိုင်းက နေပြည်တော်စစ် သမိုင်းပြတိုက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ပထမဦးဆုံး ဟန့်တားတယ်။ ဟန့်တားတယ်ဆိုတာတော့ အော်ဟစ်ပြီးတော့ တားဆီးတယ်။ မရဘူးဆိုတော့ သေနတ်မိုးပေါ်ထောင်ပြီးတော့ လူစုခွဲဖို့ ခြောက်လှန့်ပစ်ခတ်တယ်။ လူစုမခွဲတဲ့အပြင် အဲ့အထဲက တချို့တွေက လက်နက်ဝင်လုမယ့်ပုံစံမျိုးအထိ ဖြစ်လာတော့ မလွှဲမရှာင်သာပဲ ပစ်ခတ်ထိန်းသိမ်းလိုက်ရတာ”ဟု တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အဆိုပါ သတင်းစာရှင်း လင်းပွဲတွင် မဇ္စျိမ၏ မေးမြန်းမှုကို  အသေးစိတ်ဖြေကြားခဲ့သည်။

သံသယရှိနေသေးသည့် ၁၃၁ ဦးကို စစ်ကြောမေးမြန်းမှုများ ဆက်လုပ်နေပြီး တစ်ဖက်တွင်လည်း AA အဖွဲ့နှင့် ပတ်သက်မှုမရှိဟုဆိုကာ ဖမ်းဆီးထားသူများထဲမှ ၁၂၆ ဦးကို မေလ ၂ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက် ပြီဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ၈ ဦးကို ဆေးကုသမှုပေးနေပြီး ဖမ်းဆီးစစ်ဆေးမှုတွင် လက်လွန်သေဆုံးသည့် ဖြစ်စဉ်မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ရှင်းလင်းပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly