အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံး မိုးရွာမည်

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံး မိုးရွာမည်
ဓာတ်ပုံ- မိုး/ဇလ

ရန်ကုန်၊ မေလ ၄ ။      ။ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည် နယ်အသီးသီးတွင် မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ယင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မေလ ၄ ရက်နေ့မှ မေလ ၅ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မေလ ၄ ရက်နေ့၊ နံနက် ၇ နာရီခွဲ တိုင်းတာချက်အရ ထုတ်ပြန်ထားသည်။

မေလ ၄ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းရိုးတန်းပေါ်တွင် တည်ရှိနေသော ၎င်းမုန်တိုင်း "ဖန်နီ"(FANI) သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်သို့ ရောက်ရှိခဲ့သည်။

ယင်းမုန်တိုင်းမှာ  ဘလာဆောမြို့(Balasore) ၏ မြောက်-အရှေ့မြောက်ဘက် မိုင် (၈ဝ) ခန့်၊ ကိုးလ်ကတ္တားမြို့ (Kolkata) ၏ အနောက်ဘက် (၂၅) မိုင်ခန့် အကွာတွင် ဆက်လက်တည်ရှိနေပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက် ရှိကြောင်း သိရသည်။

သို့ရာတွင် နောက် (၆) နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI) အဖြစ်သို့ အားလျော့သွားပြီး၊ နောက် (၁၂) နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထို မုန်တိုင်း "ဖန်နီ" (FANI) ၏ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း၌ လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများပါ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတဝိုက်တွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကို သတိပြုရန်လည်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံ သန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ ၄ ရက်နေ့ နံနက်ပိုင်းက အကြံပြု ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly