မန္တလေး ၊ မေ ၃ ။ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသော နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးအဆင့်ရှိ အရာရှိ ၅ ဦးကို မေ ၃ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် စတင်တရားစွဲဆိုခဲ့ရာ တရားရုံးမှ အမှုကို လက်ခံလိုက်သည်။
ယင်းအမှုဖွင့်ခြင်းကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲဆိုတင်ပို့ရာ ဦးထွန်းထွန်းလွင်၊ ဦးကိုကိုဦး၊ ဦးသောင်းလွင်၊ ဦးအောင်ကျော်မှူးတို့ ၄ ဦးကို တရားမကြီး အမှုအမှတ် ၃/၂၀၁၉ နှင့် ၄/၂၀၁၉ ဖြင့် နှစ်မှု၊ ဦးထွန်းလွင်ဦး၊ ဦးကိုကိုဦး၊ ဦးထွန်းနိုင်ဝင်း တို့ ၃ ဦးကို တရားမကြီးအမှုအမှတ် ၅/၂၀၁၉နှင့် ၆/၂၀၁၉ တို့ဖြင့် နှစ်မှု အသီးသီး လက်ခံလိုက်ခြင်းဖြစ်သည်။
၄င်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ပေးရန် ဇမ္ဗူသီရိ မြို့မရဲစခန်း တွင် ဧပြီ ၁၀ ရက်နေ့က တိုင်တန်း အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။
ဦးထွန်းလွင်ဦး၊ ဦးကိုကိုဦး၊ ဦးသောင်းလွင်၊ ဦးအောင်ကျော်မှူးနှင့် ဦးထွန်းနိုင်ဝင်းတို့သည် ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်များမှ ခွဲဝေချထားပေးသည့် လုပ်ငန်းရန်ပုံငွေများကို သုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းမှ ရုံးချုပ်သို့ ပံ့ပိုးငွေအဖြစ် ၂၀၁၄ ခုနှစ် အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ်၂၃၇၆၉၇၇၈၀.၂၂ ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ် အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ် ၈၈၉၇၆၂၁၅.၆၄ ကို လည်းကောင်း၊ ၂၀၁၇ ခုနှစ်အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ် (၁၂၉၅) သိန်းကို လည်းကောင်း၊ ၂၀၁၈ ခုနှစ်အတွင်းက တိုင်းဒေသကြီးရုံးတို့မှ ငွေကျပ် ၈၁၀ သိန်းကို လည်းကောင်း လွှဲပြောင်းပေးပို့စေခြင်းဖြင့် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ ကော်မရှင်မှ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၌ FDA ညွှန်ကြားရေးမှူးချုပ်အမှု၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် စာရေးအမှု၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးအမှုတို့ကို စစ်ဆေးလျက်ရှိပြီး၊ ပြင်ဦးလွင်မြို့နယ်၊ ထွေထွေအုပ်ချုပ်ရေးမှူး နှစ်ဦးတို့အမှုကို အပြီးသတ်အမိန့်များ ချမှတ်ပြီးဖြစ်သည်။