မြန်မာသတင်းသမားများ၏ လုံခြုံဘေးကင်းမှုနှင့်အကာအကွယ်မှာ သုည အခြေအနေဖြစ်

မြန်မာသတင်းသမားများ၏ လုံခြုံဘေးကင်းမှုနှင့်အကာအကွယ်မှာ သုည အခြေအနေဖြစ်
ဓာတ်ပုံ -  လင်းဘိုဘို ( EPA)

ရန်ကုန်၊ မေလ ၂ ။      ။ မြန်မာနိုင်ငံအတွင်းရှိ သတင်းသမားများအနေဖြင့် သတင်းအချက်အလက်များရယူရာတွင် လုံခြုံဘေးကင်းခြင်း နှင့် အကာအကွယ်ရရှိမှုအခြေအနေမှာ သုညသာဖြစ်နေသည်ဟု ပဲန်မြန်မာနှင့်အတူ ကျွမ်းကျင် မိတ်ဖက် အဖွဲ့အစည်း ၁၇ ဖွဲ့မှ အကဲဖြတ်သုံးသပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

"ပုံမှန်အားဖြင့်တော့ သချင်္ာနည်းအရ ပြောမယ်ဆိုရင်တော့ ရှင်းတာပေါ့နော်။ ဒီထက်ပိုပြီး ပါးစပ်ကပြောတာ ကြားချင်တယ်ဆိုရင်တော့ ရှင်းပါတယ်။ ဒါ ဆုတ်ယုတ်သွားတာပေါ့" ဟု ယင်းအစီရင်ခံစာအား အကဲဖြတ်ရာ တွင် ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Myanmar Journalism Institute မှ အမှုဆောင်အရာရှိချုပ် ဦးကျော်မင်းဆွေက ပြောသည်။

လွပ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် ခိုင်မာအားကောင်းရေး အစိုးရမှ လုပ်ဆောင်ရန် လိုအပ်သည့် အဓိက နယ်ပယ်များအတွင် တိုးတက်ပြောင်းလဲမှုကို အကဲဖြတ်ထားသော အစီရင်ခံစာ ဖြစ်သည်။

အဆိုပါ အစီရင်ခံစာကို မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာပါ အသေးစိတ်အချက်အလက်များကို  ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ ပဲန်မြန်မာစင်တာရုံးခန်းတွင် ရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပဲန်မြန်မာနှင့် မိတ်ဖက်အဖွဲ့အစည်းများက ၂၀၁၉ ခုနှစ်အတွင်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အကဲဖြတ်အမှတ်ပေးမှု ပေးမှတ်ပေါင်း ၆၀ အနက်မှ မြန်မာသတင်းလွတ်လပ်ခွင့်သည် ရမှတ် ၆ မှတ်သာ ပေးနိုင်ခဲ့သည်။

အညွှန်းကိန်း ၆ ခုရှိကာ တစ်ခုချင်းစီအတွက် ရမှတ်များအနေဖြင့် ပေးမှတ် ၁၀ မှတ်စီပေးထားပြီး ဥပဒေနှင့် လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များက ၀ ဒဿမ ၂ မှတ်၊ သတင်းမီဒီယာအမှီအခိုကင်းမှုနှင့် လွတ်လပ် မှုက ၁ ဒဿမ ၄ မှတ်၊ ဒစ်ဂျစ်တယ်လွတ်လပ်မှုက ၁ ဒဿမ ၄ မှတ်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်က ၀ ဒဿမ ၁ မှတ်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်က ၂ ဒဿမ ၉ မှတ်နှင့် လုံခြုံဘေး ကင်းခြင်းနှင့် အကာအကွယ်ရှိခြင်းက ၀ မှတ်သာ ရရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

" ကျွန်မတို့ကတော့ တရားစွဲခံရတဲ့ အရေအတွက်ကို အဓိကထားပြီးတော့ ပြောချင်တယ်။ ပြီးခဲ့တဲ့နှစ် ဧပြီမှာ ကျွန်မတို့ သတင်းသမားတွေ တရားစွဲခံရတာ ၁၂ ဦးပဲ ရှိသေးတယ်။ ဒါပေမယ့် ဒီနှစ် ဧပြီမှာ မှတ်တမ်းတွေအရ ၃၁ ဦး ဖြစ်နေပြီ။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီ လုံခြုံဘေးကင်းရေးနဲ့  အကာအကွယ်ရှိရေးက ဆိုးရွားတဲ့ အခြေ အနေမှာ ဖြစ်နေတယ်"ဟု မြန်မာနိုင်ငံသတင်းသမားများ ကာကွယ်ရေးကော်မတီမှ ဦးဆောင်ကော်မတီဝင် ဒေါ်လှလှဝင်းက ပြောသည်။

လုံခြုံရေးဘေးကင်းခြင်းနှင့် အကာအကွယ်ရှိခြင်းတွင် တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများအပါအဝင် သတင်းသမား များနှင့် လူ့ရပိုင်ခွင့်ကာကွယ်စောင့်ရှောက်သူများအပေါ် တိုက်ခိုက်မှုအားလုံးကို လူသိရှင်ကြား အတိအလင်း ရှုတ်ချပြစ်တင်ရန်နှင့် ထိုတိုက်ခိုက်မှုကို စီစဉ်ညွှန်ကြားသူ၊ ပူးပေါင်းကြံစည်သူ၊ အထောက်အပံ့ပေးသူ၊ အားပေး ကူညီသူ သို့မဟုတ် ထိုပြစ်မှုမျိုးကို ဖုံးကွယ်ပေးသူများအပါအဝင် ပြစ်မှုကျူးလွန်သူများအား တရားစွဲဆိုရေး ရည်ရွယ်ချက်နှင့်အတူ ဘက်မလိုက်သော၊ မဆိုင်းမတွလုပ်ဆောင်သော၊ စေ့စပ်သေချာသော လွတ်လပ်ပြီး ထိရောက်သည့် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်ပေးရေး အာမခံရန်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

" ဒီအတိုင်းဆက်သွားရင်တော့ အစိုးရ သိက္ခာကျမှာပဲရှင့်။ ဒီမိုကရေစီ အစိုးရဖြစ်တယ်။ ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရဖြစ်တယ်။ ဒီလို ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ မညီတဲ့ တရားစွဲဆိုမှုတွေ၊ ဖမ်းဆီးမှု တွေ၊ ခြိမ်းခြောက်မှုတွေ ရှိနေသမျှကာလပတ်လုံး၊ ဒါတွေကို အရေးမယူဘဲနဲ့ ထားတဲ့ အခြေအနေတွေကို ကြည့်ခြင်းအားဖြင့်လည်း အစိုးရက ဒီထက်ပိုပြီး သိက္ခာကျဖို့ပဲရှိတယ်"ဟု မြန်မာနိုင်ငံသတင်းသမားများ ကာကွယ်ရေးကော်မတီမှ ဦးဆောင်ကော်မတီဝင် ဒေါ်လှလှဝင်းက ဆက်ပြောသည်။

အဆိုပါ လုံခြုံဘေးကင်းမှုနှင့် အကာအကွယ်ရှိခြင်းအပိုင်းကို ပဲန်မြန်မာနှင့်အတူ ကျွမ်းကျင် မိတ်ဖက်အဖွဲ့ အစည်း ၁၇ ဖွဲ့မှ အကဲဖြတ်သုံးသပ်၍  သုည မှတ်ပေးခဲ့ခြင်းမှာ လက်ရှိတွင်လည်း ထိုသို့ ခြိမ်းခြောက်မှုများက ဆက်လက်ဖြစ်ပွားနေဆဲ အခြေအနေများကြောင့်ဖြစ်သည်ဟု သိရသည်။

ယင်း အစီရင်ခံစာတွင် ဥပမာပေး ဖော်ပြထားချက်အရ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မြစ်ကြီးနား ဂျာနယ်သတင်းထောက်များဖြစ်သည့် သတင်းသမား မိန်းကလေးနှစ်ဦးကို သခင်စစ်သတ္ထုတူးဖော်ရေး ကုမ္ပဏီ ကိုုယ်စားလှယ်များက ဖမ်းဆီးချုပ်နှောင်ကာ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်း၊ ရိုက်တာ သတင်းသမား များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် စွပ်စွဲချက်များအပေါ် အခြေပြုကာ ပြစ်ဒဏ်စီရင်ခံရသည့်အပြင် အယူခံအဆင့်ဆင့် ရှုံးနိမ့်ခဲ့ခြင်း၊ အသီးသီးသော မီဒီယာသတင်းဌာနများ ရခိုင်အကျပ်အတည်းသတင်းရေးသားဖော်ပြမှု အထူးသဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း တပ်မတော်နှင့် ရခိုင်တပ်အကြားဖြစ်ပွားသည့် ပဋိပက္ခအကြောင်း ရေးသားဖော်ပြမှုနှင့် ဆက်စပ်ကာ ခြိမ်းခြောက်စာများ ရရှိခဲ့ခြင်း စသည့်အချက်များကို ဖော်ပြထားကြောင်းတွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly