မြို့နယ်သမဝါယမချေးငွေကို အတိုးနှုန်းပိုပေးကာ ချေးယူနေရဟု ငွေချေးသူများ ဆို

မြို့နယ်သမဝါယမချေးငွေကို အတိုးနှုန်းပိုပေးကာ ချေးယူနေရဟု ငွေချေးသူများ ဆို

မင်းလှ၊ မေ ၁ ။        ။ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်း အမှတ် ၈ ရပ်ကွက်မှ ရပ်ကွက်သမဝါယမချေးငွေ ရယူကြသူများအနက်  အတိုးနှုန်းထား ၁ ကျပ်ခွဲနှုန်း သတ်မှတ်ထားသော်လည်း ၃ ကျပ်တိုးဖြင့် အတိုးနှုန်း ပိုပေးကာ ချေးယူနေရသည်ဟု ချေးငွေရယူခဲ့သူအချို့က ပြောဆိုခဲ့ကြသည်။

“ ၁ ကျပ်ခွဲတိုး သတ်မှတ်ထားပေမဲ့ မင်းလှမြို့နယ် ရုံးရပ်ကွက်မြောက်ပိုင်းတွင် အရင်အချိန်ကတည်းက အတိုးနှုန်း ၃ ကျပ်တိုးပေး ယူခဲ့ရပါတယ်” ဟု ရုံးရပ်မြောက်ပိုင်း အမှတ်(၈)ရပ်ကွက်မှ ဒေါ်အမာကြည်က ဆိုသည်။

မြို့နယ်သမဝါယမဦးစီးဌာနဘက်ကမူ  အတိုးနှုန်း ၁ ကျပ်ခွဲတိုးထက် ပိုမိုကောက်ခံစေခိုင်းခဲ့ခြင်းမျိုး မရှိကြောင်း မြို့နယ်သမဝါယမဦးစီးမှူး ဦးစန်းဦးက ပြောသည်။

ထိုသို့ ၃ ကျပ် တိုး ကောက်ခံခြင်းများကို မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး၍ ရိုးသားမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါက ရုံးရပ်မြောက်ပိုင်းအမှတ်(၈)ရပ်ကွက်မှ သမဝါယမအသင်းစုကို ဖျက်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဟု  မင်းလှမြို့နယ်သမဝါယမဦးစီးမှူး ဦးစန်းဦးက ပြောသည်။

ထိုသို့ သမဝါယမချေးငွေ ၃ ကျပ်တိုးကောက်ခံနေခြင်းကို ဒေသခံပြည်သူအချို့မှ မြို့နယ်အဆင့် တာဝန်ရှိသူများထံသို့ စာရင်းရှင်းလင်းပြသရန် စာတင်ခဲ့သော်လည်း ယင်းအခြေအနေပေါ်တွင် ထိရောက်စွာအရေးယူပေးမှု လက်ရှိထိ တစ်စုံတစ်ရာမရှိခဲ့ကြောင်း ရုံးရပ်မြောက်ပိုင်း အမှတ်(၈)ရပ်ကွက် မှ ငွေချေးယူသူများက ဆိုသည်။

အတိုးနှုန်း ၃ ကျပ်တိုး ကောက်ယူသည်ဟု စွပ်စွဲခံရသော ရုံးရပ်မြောက်ပိုင်း အမှတ်(၈)ရပ်ကွက် သမဝါယမ အသင်းစုဘက် ကမူ သမဝါယမချေးငွေကို ၃ ကျပ်တိုး ကောက်ခံရသည်မှာ ရပ်ကွက်အတွင်း စာကြည့်တိုက်နှင့် လိုအပ်သည့် နေရာများအတွက် သုံးစွဲရန်ဖြစ်ကြောင်း မြို့နယ်အဆင့် တာဝန်ရှိသူများရှေ့မှောက်တွင် ဧပြီ ၃၀ ရက်က ပြောဆိုထားသည်။

သမဝါယမချေးငွေသည်  ကျပ်တစ်သိန်းယူပါက တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ၆ လ ပေးသွင်းရခြင်းဖြစ်ကာ ချေးငွေ ပြန်မပေးသွင်းနိုင်က ချေးငွေထပ်မံမရတော့မည်ကို စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် အတိုးနှုန်းထား ၃ ကျပ်တိုးဖြင့် ချေးငွေရယူနေရသည့်အပြင် တစ်လ တစ်ကြိမ် အရစ်ကျငွေပေးသွင်းရာတွင် အခက်အခဲတစ်စုံတစ်ရာရှိ၍ မဆပ်နိုင်ခဲ့လျှင် အခြားမှ အတိုး ၁၀ ကျပ်တိုးဖြင့် ချေးယူကာ ပေးသွင်းနေကြရသည်ဟု ရုံးရပ်မြောက်ပိုင်းအမှတ်(၈)ရပ်ကွက်မှ ဦးလှိုင်ဝင်းက ပြောသည်။

ထိုသို့ ဖြစ်ပေါ်နေသည့်အပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလပိုင်းမှစတင်၍ ဒေါ်လာစျေးမြင့်တက်မှုကြောင့် သမဝါယမချေးငွေကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ ကျပ်တိုး တိုးမြှင့်ကောက်ခံနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly