ထိုင်းတောဝက်ဘောလုံးအသင်းကို လှိုဏ်ဂူထဲကနေ ကယ်ထုတ်ခဲ့ရပုံအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ Netflix သဘောတူ

ထိုင်းတောဝက်ဘောလုံးအသင်းကို လှိုဏ်ဂူထဲကနေ ကယ်ထုတ်ခဲ့ရပုံအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ Netflix သဘောတူ
 ဓာတ်ပုံ - EPA-EFE/DIEGO AZUBEL

မေ ၁ ။         ။ ယမန်နှစ်တုန်းက ထိုင်းနိုင်ငံမြောက်ပိုင်းက လှိုဏ်ဂူတစ်ခုထဲမှာ ပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးအသင်းသား ၁၂ ယောက်နဲ့ ၎င်းတို့ရဲ့ နည်းပြဆရာတို့ကို ကယ်ထုတ်ခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ရုပ်ရှင်ဇာတ်လမ်းတွဲ ရိုက်ဖို့ အခွင့်အရေး ရယူနိုင်ခဲ့ကြောင်း Netflix က ထုတ်ပြန်သွားပါတယ်။

ယင်း ရုပ်ရှင်ကိုတော့ မကြာမီ ကာလတစ်ခုမှာ Netflix မှာ ထုတ်လွှင့်ပြသလာဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇွန် ၂၃ တုန်းက Chiang Mai အနီး ရေလွှမ်းမိုးခဲ့တဲ့ Tham Luang ဂူထဲမှာ နှစ်ပတ်ကြာ ပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်းသားတွေနဲ့ နည်းပြတို့ကို ဘယ်လိုဘယ်ပုံ ကယ်ထုတ်ရတာလဲဆိုတာကို ဇာတ်လမ်းရိုက်ကူးဖို့ ကမ္ဘာ့ဦးဆောင် အင်တာနက် ဖျော်ဖြေရေးဝန်ဆောင်မှု လုပ်ငန်း Netflix နဲ့ SK Global Entertainment တို့က ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီ ဂူထဲကနေ ကယ်ထုတ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကိုတော့ Crazy Rich Asians ကို ရိုက်ကူးတဲ့ ဒါရိုက်တာ Jon M.Chu က ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Tham Luang ဂူတွင်းက မယုံနိုင်စရာကောင်းတဲ့ ကယ်ဆယ်ရေး ဇာတ်လမ်းအကြောင်းကို အများသိအောင် ပြန်ပြောတဲ့နေရာမှာ ပါဝင်ခွင့်ရတာ အင်မတန် ဂုဏ်ယူမိကြောင်း Netflix ရဲ့ နိုင်ငံတကာရုပ်ရှင်ထုတ်လုပ်ရေးဒါရိုက်တာ Erika North က ပြောသွားပါတယ်။

အစောပိုင်းတုန်းက အဆိုပါ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့အတွက် သဘောတူညီချက် စာချုပ်ဖလှယ်မှု အခမ်းအနားကို ပြုလုပ်ခဲ့ရာမှာ Netflix ၊ SK Global နဲ့ 13 Thumluang Company Limited တို့ မှ တာဝန််ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ 13 Thumluang Company ကတော့ တောဝက်ဘောလုံးအသင်းသား ၁၂ ယောက်နဲ့ နည်းပြဖြစ်သူတို့ တည်ထောင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags