အမှုက နိုင်ငံရေးပြဿနာဖြစ်သည့်အတွက် ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဒေါင်းတို့မျိုးဆက်အဖွဲ့ ပြော

အမှုက နိုင်ငံရေးပြဿနာဖြစ်သည့်အတွက် ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဒေါင်းတို့မျိုးဆက်အဖွဲ့ ပြော
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဧပြီလ ၂၉ ။     ။ တပ်မတော်မှ တရားစွဲဆိုထားသည့်အမှုမှာ နိုင်ငံရေးပြဿနာဖြစ်သည့်အတွက် ရဲရဲရင့်ရင့်ဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းသွားမည်ဟု တရားစွဲခံရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များက ပြောဆိုလိုက်သည်။

တရားစွဲဆိုခံထားရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ ဦးကို ဧပြီလ ၂၉ ရက်၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့ နယ်တရားရုံးတွင် ဒုတိယအကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားခွင်မှ အထွက်တွင် ထိုသို့ပြောဆို ခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တော်တို့အမှုတွေအားလုံးဟာ နိုင်ငံရေးပြဿနာဖြစ်တယ်။ ဖြစ်တဲ့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးပြဿနာအတိုင်းဖြေရှင်းဖို့လိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက်ကို အခု လွှတ်တော်မှာ လုပ်နေတဲ့ ကိစ္စတွေအားလုံးကိုလည်း ကျွန်တော်တို့တွေအားလုံး ပူးပေါင်းဖို့ လိုအပ်တယ် လို့လည်း ပြောချင်ပါတယ်။ အဓိကတော့ ဖွဲ့စည်းပုံပြင်ဆင်ရင် ကျွန်တော်တို့နိုင်ငံ ဒီပြဿနာတွေအားလုံး ပြေလည်မယ်လို့ပဲ ကျွန်တော်က မြင်ပါတယ်"ဟု တရားစွဲခံရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က ပြောသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်၊ မကေခိုင်ထွန်း၊ ဒီရေ(ခ) ကိုပိုင်ဖြိုးမင်းနှင့် ဖိုးသား (ခ) ကိုဇော်လင်းထွန်းတို့ ၅ ဦးကို တပ်မတော်ဘက်မှ  ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က) ဖြင့် မရမ်းကုန်းမြို့ နယ်တရားရုံးသို့ ဧပြီလ ၁၈ ရက်နေ့တွင် ဦးတိုက်လျှောက်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" သံချပ်ကိစ္စကတော့ ဒါတော့ ကျွန်တော်လုပ်တာကို တည်ပြီးစွဲတာပေါ့။ သံချပ်ကိစ္စကဒါ တရားစွဲဆိုတဲ့ ကိစ္စတစ်ခုတည်းပဲလို့မြင်တယ်။ ဒါပေမယ့် အောက်ခြေမှာ တကယ်တမ်း ကျွန်တော်တို့ကို တရားစွဲတဲ့ ကိစ္စကတော့ နိုင်ငံရေးပြဿနာလို့ပဲ ကျွန်တော်မြင်ပါတယ်။ အဲ့ဒီအတွက်ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးပြဿနာအတိုင်းပဲ ရဲရဲရင့်ရင့် တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းသွားမှာပါ "ဟု  ကိုဇေယျာလွင်က ပြောသည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ သံချပ်ထိုးဖျော်ဖြေခဲ့သော စာသားများတွင် တပ်မတော်ကို ထိခိုက်စေသည့် အသုံးအနှုန်းများ ပါဝင်သည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ  ဒုတိယဗိုလ်မှူးကြီးသန်းထွန်းမြင့်က  တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။

" သံချပ်ထိုးသံကို ကြောက်တဲ့၊ သံချပ်ထိုးသံကို ကမ္မဝါဖတ်သလိုကြောက်တဲ့ လူတစ်စု ရှိနေတုန်းပဲဆိုတာ ကျွန်တော်တို့ သက်သေပြခဲ့ပြီးပါပြီ"ဟု တရားခွင်ကအထွက်တွင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ဒီရေ(ခ) ကိုပိုင်ဖြိုးမင်းက ပြောဆိုခဲ့သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က သင်္ကြန်သံချပ်တွင် ပါဝင်ဖျော်ဖြေရန် ဆင်ဆာတင်ခဲ့ခြင်းမရှိသည့်အတွက် ဆုပေးမဏ္ဍပ်များတွင် ဖျော်ဖြေခွင့် ပိတ်ခံရသော်လည်း သင်္ကြန်မတိုင်ခင် ဧပြီလ ၁၂ ရက်နေ့တွင် ဧရာတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်တွင် သံချပ်ထိုးဖျော်ဖြေကာ Facebook စာမျက်နှာတွင် Live လွှင့်ခဲ့ သည်။
ထိုသို့ Live လွှင့်ခဲ့သည့်အတွက် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၂၅ ဦးစလုံးကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးက တရားလိုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ (ဃ)ဖြင့် ပုသိမ်မြို့ နယ်တရားရုံးတွင် တရားစွဲထားကြောင်းလည်း သိရသည်။

ထို့နောက် မအူပင်၊ ဒေးဒရဲ၊ ဖျာပုံမြို့နယ်များတွင်လည်း ဖျော်ဖြေခဲ့ပြီး ကျောင်းကုန်းမြို့တွင် ဖျော်ဖြေစဉ် လူအုပ်စုတစ်စုမှ တားမြစ်ခဲ့ခြင်းကြောင့် ဖျော်ဖြေမှုဖျက်သိမ်းခဲ့ရကာ ၎င်းတို့ ဖျော်ဖြေခဲ့သည့် သံချပ်စာ သားများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လွှတ်တော်ထဲတွင် တပ်မတော်ကိုယ်စားလှယ်များ ပါဝင်နေသည့်ကိစ္စများကို ဆန့်ကျင်သည့်စာသားများ ပါဝင်နေပြီး တပ်မတော်ဝတ်စုံဝတ်ဆင်ကာ သရုပ်ပြ ကွက်များလည်း ပါဝင်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့)တွင်လည်း ၎င်းနည်းတူ သင်္ကြန်သံချပ် ဆင်ဆာမတင်ထားသည့် အိုးဝေသံ၊ ဒို့အသံ၊ ကျောင်းနံရံသံချပ်အဖွဲ့တို့နှင့်အတူ မြောက်ဥက္ကလာမြို့နယ်၊ ကန်သာယာပန်းခြံအတွင်း စုပေါင်းဖျော်ဖြေမှုများလည်း ပြုလုပ်ခဲ့သည်။
လက်ရှိတွင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ဦးဆောင်ပါဝင်သူ ၅ ဦးအား တရားစွဲဆိုထားသောအမှုကို မရမ်းကုန်းမြို့နယ်တရားသူကြီးက လာမည့် မေလ ၁၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required