ပခုက္ကူမြို့အရှေ့ဘက် “အေး”ကျွန်းပေါ်တွင် ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်သွားမည်

ပခုက္ကူမြို့အရှေ့ဘက် “အေး”ကျွန်းပေါ်တွင် ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်သွားမည်
ဓာတ်ပုံ - ပြည့်ဖြိုးကျော်

နေပြည်တော်၊ ဧပြီလ ၂၉ ။     ။ ပခုက္ကူမြို့ရှိ လက်ရှိဆိပ်ကမ်းကို ရေကြောင်းပြောင်းလဲမှု အခြေအနေများကြောင့် တည်ငြိမ်ဆိပ်ကမ်းအဖြစ် အသုံးမပြုနိုင်သဖြင့် မြို့၏ အရှေ့ဘက် “အေး” ကျွန်းပေါ်တွင် ဆိပ်ကမ်းအသစ်တစ်ခုကို တည်ဆောက် သွားမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ယနေ့ ဧပြီလ ၂၉ရက်နေ့က အမျိုးသားလွှတ်တေ်ာအစည်းအဝေးတွင်း မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၏ “နိုင်ငံတော်၏ အဓိက ဆိပ်ကမ်းများတွင် တစ်ခု အပါအဝင်ဖြစ်သည့် ပခုက္ကူ ဆိပ်ကမ်းကို ခေတ်မီ ဆိပ်ကမ်းတစ်ခုဖြစ်လာအောင် အဆင့်မြှင့် ပြုပြင် ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်ပတ်သတ်ပြီး ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ပြည်တွင်းဆိပ်ကမ်းနေရာတစ်ခု ရွေးချယ်ရာမှာ မြစ်ချောင်းများ၊ ရေလမ်းကြောင်းကောင်းမွန်ရန်လိုအပ်ပါသဖြင့် ဧရာဝတီမြစ်ရေနည်းချိန်နှင့် ရေများချိန်တို့တွင် တိုင်းတာရေးလုပ်ငန်းများကို ဒေသအလိုက် နှစ်စဉ် ဆောင်ရွက် ပြီး ဆိပ်ကမ်းနေရာကို ထပ်မံပြောင်းရွှေ့ရန် မလိုအပ်မည့် ပခုက္ကူမြို့၏ အရှေ့ဘက် “အေး” ကျွန်းပေါ်တွင် ပခုက္ကူ ဆိပ်ကမ်းအသစ် တည်ဆောက်ရန် ရွေးချယ်သတ်မှတ်ထားပါသည်”ဟု ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ထိုသို့ နိုင်ငံတကာ အဆင့်မီ ခေတ်မီဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် ပဏာမလေ့လာဆန်းစစ် ချက် (Feasibility Study)ဆောင်ရွက်ခြင်း၊ ပဏာမ လျာထားနေရာရွေးချယ်ခြင်းနှင့် ပဏာမ ဒီဇိုင်းပုံစံ ရေးဆွဲ ခြင်းတို့ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁ရခုနှစ်တွင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဧရာဝတီတံတား ပခုက္ကူကို တည်ဆောက်ပြီးချိန်မှ စတင်ကာ မြစ်ကြောင်းပြောင်းလဲလာပြီးနောက် အဆိုပါ ဆိပ်ကမ်းသည် တံတားအောက်သို့ရောက်သွားကာ ကုန်တင်သဘောင်္များဆိုက်ကပ်ရန်အတွက် ခက်ခဲလာကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုပြည့်ဖြိုးကျော်က မဇ္စျိမသို့ပြောကြားသည်။

အသစ်တည်ဆောက်မည့် “အေး” ကျွန်းပေါ်ရှိ ဆိပ်ကမ်းonf အမေရိကန်ဒေါ်လာ (၂၅)သန်းခန့်ကုန်ကျမည် ဖြစ်ပြီး အလျားမီတာ (၁၈၀)ရှိကာ ကွန်ကရစ် ဆိပ်ခံတံတားနှင့် (Pontoon Type)ဆိပ်ခံအဖြစ် တည်ဆောက် ရန်လျာထားကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းအကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ စီမံကိန်းဘဏ်(Project Bank)ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီရရှိရေး သို့မဟုတ် PPPစနစ်ဖြင့် ပြည်တွင်း ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှု ဖိတ်ခေါ်ရေးအတွက် ၄င်းစီမံကိန်းကို Project Bank တွင် ထည့်သွင်းနိုင်ရန် အဆိုပြု တင်ပြထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ချက်ရရှိပြီးပါက ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly