နေပြည်တော်၊ ဧပြီ ၂၉ ။ ။ လာမည့်နှစ် ၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးသည် အဓိကကျသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ပြောသည်။
လက်ရှိ ၂၀၁၉ခုနှစ် တစ်နှစ်လုံးကို မဲစာရင်းပြုစုသည့်နှစ်အဖြစ် လုပ်ဆောင်နေပြီး မဲစာရင်းပြုစုရေးအတွက် လုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းအဆင့်မှ တာဝန်ရှိသူများကို နေပြည်တော်သို့ ခေါ်ယူ၍ သင်တန်းများ ပေးနေကာ ပြည်နယ်နှင့်တိုင်းများတွင် ဆင့်ပွားသင်တန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။
“အခု လက်ရှိ မှာ ဘယ်အဆင့်ထိ ရောက်သွားပြီလဲဆိုတော့ ကျွန်တော်တို့က ကွန်ပြူတာ ဆော့ဝဲလ်တွေ မဲစာရင်း သွင်းဖို့အတွက် ကျွန်တော်တို့ ဗဟိုသင်တန်းပြီးတော့ ဆင့်ပွားဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေးသွားမယ်။ အဲဒါပြီးရင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှာ အများက ယုံကြည်လေးစားသော ပုဂ္ဂိုလ်တွေ ခန့်ထားမယ်။ အဲဒါ အသစ်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဆိုင်ရာနဲ့ပတ်သက်ပြီးတော့ သင်တန်းတွေ ဆွေးနွေးပွဲတွေက ကျွန်တော်တို့ လာမဲ့ မေ၊ ဇွန်၊ ဇူလိုင် ၊ သြဂုတ်လမှာ ကျွန်တော်တို့က နယ်တွေမှာ သွားပြီးတော့ သင်တန်းပေးဦးမှာ ဖြစ်ပါတယ်။ အဲဒါ အများက ယုံကြည်လေးစားသော ပုဂ္ဂိုလ်တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သင်တန်းပေးဦးမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ယနေ့ ဧပြီ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လာရောက်ဖြေဆိုပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ဦးစိုးရယ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
မဲစာရင်းပြုစုရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်ရှိ ရပ်ကျေးအုပ်စု စာရေးများတွင် ရပ်ကွက်၊ ကျေးရွာ၊ ကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူး ခန့်ထားပေးကာ ပုံစံသစ်ဖြင့် စတင်ကောက်ယူသွားမည် ဖြစ်သည်။ ထို့ပြင် မဲပေးရာတွင် နိုင်ငံသားဖြစ်မှု မှတ်ပုံတင် ကိစ္စများကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအကူအညီဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။
အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ထည့်ရမည့်မဲစာရင်းကို ရွေးကောက်ပွဲ မကျင်းပမီ ၃ လအလိုတွင် တစ်ကြိမ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ကပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဆိုတော့ အချုပ်ပြန်ပြောမယ်ဆိုရင် မဲစာရင်းကို နှစ်ကြိမ် ကပ်ထားကြေညာပေးမယ်။ ပြီးတော့ယခင်တုန်းက မဲစာရင်းကို ရပ်ကွက်၊ ကျေးရွာ၊ကော်မရှင်အဖွဲ့ခွဲရုံး တစ်နေရာတည်း ကပ်ထားတယ်။ အခု မဲဆန္ဒရှင်ပြည်သူများ အလွယ်တကူ ကြည့်ရှုနိုင်အောင်ဆိုပြီးတော့ ကျေးရွာတိုင်းမှာ သူနဲ့သက်ဆိုင်တဲ့ မဲစာရင်းအပိုင်းတွေကို ကျွန်တော်တို့ ကပ်ထားပေးမှာဖြစ်ပါတယ်”ဟု ဦးစိုးရယ်က ပြောသည်။
လာမည့် ၂၀၂၀ တွင် လက်ရှိအစိုးရသက်တမ်း ငါးနှစ် ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေများ အရ အစိုးရသစ်တစ်ရပ် ပြန်လည်တင်မြှောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၉၁ ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ မဲစာရင်း ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။