ကုတင် ၃ဝဝ ဆံ့ ရန်ကုန်အထူးကုဆေးရုံသစ်ကြီးကို ဆောက်လုပ်မည်

ကုတင် ၃ဝဝ ဆံ့ ရန်ကုန်အထူးကုဆေးရုံသစ်ကြီးကို ဆောက်လုပ်မည်
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ ဧပြီ ၂၈ ။     ။ ကုတင် ၃ဝဝ ဆံ့ ရန်ကုန်အထူးကုဆေးရုံသစ်ကြီးကို ယခုလာမည့် မေလ ၁ ရက်နေ့တွင် စတင် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်အထူးကုဆေးရုံသစ်ကြီးကို ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်တွင် တည်ဆောက် သွားမည်ဖြစ်သည်။ တည်ဆောက်ပြီးစီးပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးရောဂါကုသရေးဌာန၊ နှလုံးခွဲစိပ် ကုသရေးဌာန၊ ဦးနှောက်နှင့် အာရုံကြောကုသရေးဌာန၊ ဦးနှောက်နှင့် အာရုံကြောခွဲစိပ်ကုသရေးဌာနများကို ပြောင်းရွှေ့ ကုသသွားမည်ဟု သိရသည်။

" နိုင်ငံတကာအဆင့်မီအောင်ဆိုရင် ဒီဇိုင်းကအစ နိုင်ငံတကာအဆင့်ရှိတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဒီဇိုင်း ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ လူနာတွေအနေနဲ့လည်း တက်ရောက်ကုသတဲ့အခါမှာ နိုင်ငံတကာအဆင့် ဖြစ်အောင်၊ သိတဲ့အတိုင်းပဲ ကျွန်တော်တို့ ဆေးရုံကြီးတွေမှာဆို ဟောလ်တိုက်ပဲပေါ့။ အများစုတွေက။ ဒီမှာ ဆိုရင်တော့ ကျွန်တော်တို့က ၄ ယောက် တစ်ခန်းလောက်။ တစ်ချို့ဆိုရင်လည်း တစ်ယောက်တစ်ခန်းတွေ ဖြစ်မယ်။ အဲလိို အခန်းဖွဲ့စည်းပုံတွေကအစ လုပ်ဆောင်ထားပါတယ်" ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မိုးခိုင်က ပြောသည်။

အဆိုပါ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး ဆောက်လုပ်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ဆေးရုံဆောက်လုပ်မည့် မြေနေရာတွင် ဧပြီလ ၂၈ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ပြီး ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ဂျပန်အစိုးရဘက်က ဆေးရုံဆောက်လုပ်ရန်  ဂျပန်ယန်း ၈.၆၆၁ ဘီလီယံနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ အချို့ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။  

"စီမံချက် ပမာဏက ကြီးမားတဲ့အတွက် ဂျပန်အစိုးရအနေနဲ့ ၇ ထပ် အဆောက်အဦကို သူတို့ ဆောက်မယ်။ နောက်တစ်ခါ လိုအပ်မယ့် ဆေးရုံသုံး ပစ္စည်းကိရိယာအချို့ကို ထည့်သွင်းမယ်။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံပြည်သူလူထုကလည်း ကိုယ့်နိုင်ငံအတွက် လိုအပ်နေတဲ့ ဆေးရုံကြီးဖြစ်တဲ့အတွက် သူတို့ရဲ့ ရန်ပုံငွေကို နိုင်ငံတော်အစိုးရက ခွင့်ပြုပြီးတော့ ထည့်ဝင်ဆောင်ရွက်တာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ဆေးရုံ တည်ဆောက်ရေးကာလကို ၂ နှစ်တာ သတ်မှတ်ထားပြီး ၂ဝ၂၁ ခုနှစ်တွင် ပြီးစီးရန် ခန့်မှန်း ထားကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly