ရန်ကုန်အပါအဝင် မြို့ကြီးတစ်ချို့ အပူချိန် စံချိန်တင် မြင့်တက်

ရန်ကုန်အပါအဝင် မြို့ကြီးတစ်ချို့ အပူချိန် စံချိန်တင် မြင့်တက်
ဓာတ်ပုံ - သက်ကို

ရန်ကုန် ၊ ဧပြီ ၂၇ ။         ။ ရန်ကုန်(ကမ္ဘာအေး) အပါအဝင် မြို့ကြီး အချို့တွင် အပူချိန် စံချိန်တင် မြင့်တက်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဧပြီ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဧပြီ ၂၆ ရက်တွင် တိုင်းထွာရရှိခဲ့သည့် စံချိန်များအရ တောင်ငူမြို့တွင် ၄၃ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်၊ ကြို့ပင်ကောက်တွင် ၄၃ ဒီဂရီ စင်တီဂရိတ် ၊ ရန်ကုန် (ကမ္ဘာအေး) တွင် ၄၂ ဒီဂရီ စင်တီဂရိတ် ၊ မှော်ဘီမြို့တွင် ၄၁ ဒသမ ၆ ဒီဂရီ စင်တီဂရိတ် ၊ ရေးမြို့တွင် ၄၁ ဒီဂရီ စင်တီဂရိတ် နှင့် လပ္ပတ္တာမြို့တွင် ၄၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်တို့ဖြင့် အမြင့်ဆုံး အပူချိန် စံချိန်သစ် တင်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုနှစ် နွေရာသီကာလတွင် အပူရှိန် မြင့်တက်မှုများကြောင့် မြန်မာနိုင်ငံ မြို့ကြီးအချို့၌ အပူချိန် စံချိန်သစ် တင်မှုများ ရှိနေခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သံတွဲ၊ ကြို့ပင်ကောက်၊ လွိုင်လင်၊ ပဲခူး၊ အမ်း၊  သထုံ၊ ခရမ်း၊ ရေး၊ ဟဲဟိုးမြို့တို့တွင် တစ်ကြိမ်စီ စံချိန်သစ်တင်ခဲ့ပြီး ဖျာပုံ၊ တောင်ငူနှင့် ပုသိမ်မြို့တွင် နှစ်ကြိမ်စီ၊ ဘီးလင်းမြို့၌ စံချိန်သစ် သုံးကြိမ် ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမြို့ကြီးများဖြစ်သည့် ချောက် ၊ အောင်လံ နှင့် တောင်တွင်းကြီး မြို့တို့သည် အပူစံချိန်သစ်တင်သည့် မှတ်တမ်းမဝင်ခဲ့သော်လည်း ၄၃ ဒီဂရီ စင်တီဂရိတ် မှ ၄၆ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန် ရှိနေခဲ့သည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းဖြစ်ပွားနေခြင်းကြောင့် မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အတွင်း၌ မိုးရွာသွန်းမှုများ ဖြစ်ပွားကာ အပူချိန် လျော့ကျသွားမည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

အပူရှိန် မြင့်မားသည့်အချိန်တွင် အပြင်သို့ သွားလာခြင်း မပြုရန် ၊ ရေချိုးခြင်း မပြုရန် ၊ နေပူထဲတွင် ကိုယ်လက် လှုပ်ရှားမှုများ မပြုလုပ်ကြရန်၊ အပြင်ထွက်ပါက အကာအကွယ် တစ်ခုခု အောက်တွင် သွားလာရန် ရေနှင့် ဓာတ်ဆား ဆုံးရှုံးပါက ပြန်လည်ဖြည့်တင်းပေးရန်၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသည် အပူဒဏ်ကို ပိုမို ခံစားရနိုင်သောကြောင့် သတိထားပြုမူသွားလာကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးထုတ်ပြန် ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly