မုန်တိုင်းအတွင်း ရခိုင်မြောက်ပိုင်းဒေသ ပါဝင်နိုင်ပြီး တစ်နိုင်ငံလုံး မိုးရွာနိုင်ဖွယ်ရှိ

မုန်တိုင်းအတွင်း ရခိုင်မြောက်ပိုင်းဒေသ ပါဝင်နိုင်ပြီး တစ်နိုင်ငံလုံး မိုးရွာနိုင်ဖွယ်ရှိ

ဧပြီ ၂၇ ။     ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းစက်ကွင်းအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ကျရောက်နိုင်ဖွယ်ရှိပြီး မြန်မာတစ်နိုင်ငံလုံး မိုးရွာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးထားသည်။

" ရခိုင်ပြည်နယ်မြောက်ပိုင်းသည်လည်း မုန်တိုင်း၏စက်ကွင်းအတွင်း ကျရောက်နိုင်ပြီး၊ မြန်မာတစ်နိုင်ငံလုံး မိုးရွာဖွယ်ရာ ရှိနေပါတယ်။" ဟု ဧပြီ ၂၆ ရက် ည ၁၀ နာရီခွဲခန့်တွင် ခန့်မှန်းထားသည်။

မုန်တိုင်းသည် အားကောင်းလာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို  ဖြတ်ကျော်ဝင်ရောက်နိုင်ဖွယ်ရှိကြောင်းသိရသည်။

"မုန်တိုင်းသည် အိန္ဒိယနိုင်ငံ  အရှေ့ဖက်ကမ်းခြေမှ အရှေ့မြောက်ဖက်သို့ ဦးတည်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မေလ ၃ ရက်မှ ၉ ရက် အတွင်း ဖြတ်ကျော်ဝင်ရောက်ဖွယ်ရာ ရှိကြောင်း ခန့်မှန်းရပါတယ်"ဟု ဦးထွန်းလွင်က ခန့်မှန်းထားသည်။

ဧပြီ ၂၆ ရက် ညနေ ၆ နာရီခွဲအချိန် တိုင်းတာချက်အရ အိန္ဒိယသမုဒ္ဒရာအီကွေတာရပ်ဝန်းအရှေ့ပိုင်းနှင့် ဆက်စပ်တည်ရှိနေသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ  BOB/02/2019 မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိအားဖြင့် ယင်း မုန်တိုင်းငယ်သည် သီရိလင်္ကာနိုင်ငံ Trincomalee မြို့ အရှေ့တောင်ဖက် ၁၀၉၀ ကီလိုမီတာအကွာတွင် ရောက်ရှိနေသည်။

အဆိုပါ မုန်တိုင်းငယ်သည် အနာက်မြောက်ဖက်သို့ ဦးတည်ရွေ့လျှားရင်း ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း အားကောင်းသည့် မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားသည်။

ဆက်လက်ပြီး အိန္ဒိယနိုင်ငံ၊ အရှေ့တောင်ပိုင်း Tamilnadu ပြည်နယ်သို့ ဦးတည်ရွေ့လျှားလာရင်း အပူပိုင်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း၊ ထို့နောက် အရှေ့မြောက်အရပ်ဖက်သို့ ဦးတည်ရွေ့လျှားရင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။ 

ဧပြီ ၂၇ ရက် မွန်းတည့်ချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း (၈၀)ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု မိုးဇလမှလည်း ထုတ်ပြန်ထားသည်။ 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly