ဆေးခြောက်အနွယ်ဝင် အပင်များ စိုက်ပျိုးထားသည့်နေရာကို လုံခြုံရေး တိုးမြှင့်

ဆေးခြောက်အနွယ်ဝင် အပင်များ စိုက်ပျိုးထားသည့်နေရာကို လုံခြုံရေး တိုးမြှင့်
(ဓါတ်ပုံ၊အောင်ခိုင်မြဲ၊မဇ္ဈိမ)

မန္တလေး၊ ဧပြီ ၂၅။      ။ မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊မြို့သာစက်မှုဇုန် ဥယျာဉ်အတွင်း ဆေးခြောက်အနွယ်ဝင် အပင်များ စိုက်ပျိုးထားသည့်နေရာကို ဝင်ရောက်စစ်ဆေးဖမ်းဆီးပြီးနောက် လုံခြုံရေးတိုးမြှင့်ချထားသည်ဟု ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဆန်းဝင်းကပြောသည်။

အဆိုပါ စိုက်ပျိုးမှုနှင့် ပတ်သက်ပြီး လူမှုကွန်ယက်တွင်ပျံ႕နှံ့လာသည့် အတွက် ဧပြီလ ၂၂ ရက်နေ့က မန္တလေး တိုင်း ရဲတပ်ဖွဲ့မှူးရဲမှူးကြီးမြင့်ဦး ဦးစီးသည့်အဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ ညွှန်ကြား ရေးမှူး ဒေါက်တာ နီနီအေး၊ ဓာတုဗေဒဝန်ရုံးခွဲ(မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်း ကြည်၊ မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်တို့ပါ ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။ ထို့နောက်  ဧပြီလ ၂၃ ရက်တွင် ဆက်စပ်ပစ္စည်းများနှင့်စိုက်ခင်းတာဝန်ခံ ရှိုင်းလတ်နှင့် ဓာတ်ခွဲခန်းလက်ထောက်အကူ မရွှန်းလဲ့မြတ်နိုး၊ အမေရိကန်နိုင်ငံသား Mr. JOHN Fresric Todoroki၊ နှင့် Mr. Alexander Skemp Todoroki (IIIM Golobal Mutraceutical)ကုမ္ပဏီဒါရိုက်တာ တို့အား ငါန်းဇွန်မြို့မရဲစခန်းတွင် မယ(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)/၁၉(က)/ ၂၀(က)(ခ)/ ၂၁အရ အမှုဖွင့်ဖမ်းဆီး ထားကြောင်းသိရသည်။

"ကျွန်တော်တို့အနေနဲ့ လုံခြုံရေးပဲတိုးယူထားတယ်။အခုကတော့ စစ်ဆေးနေဆဲပဲ။ဒါကတော့ အားလုံးအသိပဲ။ ပြီးရင်တော့ အားလုံးသိအောင်ထုတ်ပြန်ပေးပါမယ်။"ဟု ရဲမှူး ဆန်းဝင်းကပြောသည်။

ဖမ်းဆီးထားသူများကို ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့တွင်ဖမ်းဆီးထားပြီး ရုံးထုတ်စစ်ဆေးမည့်ရက်ကို မသိကြောင်း ရဲမှူး ဆန်းဝင်းကဆိုသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required