ဘဝတံစက်မြိတ်တစ်ခုအောက်က မမျှမတဒဏ်ရာများ( အိမ်ရှေ့မြောင်ရွာခရီးသွားဆောင်းပါး ၃)

ဘဝတံစက်မြိတ်တစ်ခုအောက်က မမျှမတဒဏ်ရာများ( အိမ်ရှေ့မြောင်ရွာခရီးသွားဆောင်းပါး ၃)

ခပေါင်းဆည်ကြီးထဲ စက်လှေနဲ့ လှည့်ပတ်ကြည့်ရှုတဲ့အခါ ရေပြင်ကြီးအောက်က အိမ်ရှေ့မြောင်ရွာကလေးကို စိတ်ကူးနဲ့ မြင်ကြည့်နေခဲ့မိပါသေးတယ်။
တချိန်တုန်းကဆိုရင် ဒီရေဒီမြေကြီးပေါ်မှာ လယ်ယာကိုင်းကျွန်းစိုက်ခင်းတွေ၊ လှည်းလမ်းကြောင်းတွေနဲ့ ကျေးငှက်သံညံစည်တဲ့တောအုပ်တွေ၊ အိုးအိမ်တွေ နေရာအနှံ့ရှိခဲ့ပါတယ်။ နောက်တော့လည်း ခပေါင်းဆည်ကြီးတည်ဆောက်တဲ့အခါ ရေလှောင်ဧရိယာနဲ့မလွတ်လို့ဆိုပြီး သတ်မှတ်ပေးထားတဲ့ရက်အတွင်း ရွာရွှေ့ပေးခဲ့ရပြီး အိမ်ရှေ့မြောင်ရွာလည်း ရေအောက်ရောက်သွားခဲ့ရပါတယ်။

စက်လှေပေါ်မှာ ကိုယ့်အတွေးနဲ့ကိုယ်လိုက်ပါလာရင်းက ခပေါင်းတမန်ကြီးတဝိုက် ရှုမျှော်ခင်းတွေကို ကျနော်ဓါတ်ပုံရိုက်ပါတယ်။ အရွက်မရှိ ခြောက်သွေ့နေပြီဖြစ်တဲ့ သစ်ခြောက်ပင်ကြီးတချို့က ရေထဲမှာ ထိုးထိုးထောင်ထောင်နဲ့ တည်ရှိနေဆဲဖြစ်ပါတယ်။ လက်ချောင်းတွေ အထက်ကိုဆန့်တန်းထားသလို သစ်ကိုင်းတွေက ဘေးကိုအထက်ကို ဆန့်ထွက်နေတာကလည်း အမြင်ဆန်းသလိုဖြစ်နေပါတယ်။ သစ်ခြောက်ပင်တစ်ခုအပေါ်မှာတော့ ငှက်တစ်အုပ်နားနေတာတွေ့ရလို့ ဓါတ်ပုံလှမ်း ရိုက်ပါတယ်။ တော်တော်ဝေးဝေးက လှမ်းရိုက်ရတာမို့ ဘာငှက်တွေလည်းဆိုတာ မသိပေမယ့် အဲဒီသစ်ခြောက်ပင်ကြီးဆီ စက်လှေကိုတည့်တည့်ဦးတည်ပြီး တဖြေးဖြေးချဉ်းကပ်သွားလို့ ငှက်တွေထပျံတဲ့အခါကြမှ ဒင်ကြီးငှက်အုပ်ဖြစ်တာ သိရပါတော့တယ်။

ကမ်းစပ်တချို့မှာ ဖေါင်ပေါ်အိမ်တချို့ကို လှမ်းမြင်ရပါတယ်။ အများအားဖြင့် အိမ်တစ်လုံးစ နှစ်လုံးစသာပူးတွဲနေကြတာတွေ့ရပေမယ့် အိမ်တွေစုနေကြတာမျိုးတော့ မတွေ့ခဲ့ရပါဘူး။ ဖေါင်ပေါ်အိမ်ဆိုတာက ဒီရေလှောင်တမန်ဆည်ကြီးပေါ်ပေါက်လာတဲ့အခါ ရေကို တစ်နှစ်ပါတ်လုံးလှောင်ထားတာဖြစ်တဲ့အပြင် အကျယ်အဝန်းကလည်းကြီးတာမို့ ဖါးငါးကို လှောင်ထားသလိုဖြစ်ပြီး ဖါးရှာငါးရှာလို့ အင်မတန်လွယ်ကူူခဲ့ပါတယ်။ ဆည်ကြီးတည်ဆောက်ပြီးတာနဲ့တပြိုင်နက် အိမ်ရှေ့မြောင်လို ရွှေ့ပြောင်းခံကြရတဲ့ကျေးရွာတွေက ရွာသစ်တည်ရေးအလုပ်ရှုပ်နေတဲ့အချိန် မျက်နှာစိမ်းတချို့ဟာ စားအိုးစားခွက်အနည်းငယ်စီနဲ့ ဆည်ကြီးထဲရောက်လာခဲ့ကြပါတယ်။ လပိုင်း နှစ်ပိုင်းအတွင်းမှာပဲ နောက်ထပ် ဒေသခံမဟုတ်တဲ့ မျက်နှာစိမ်းလူစိမ်းတွေ ထပ်ရောက်လာကြပြီး ဆည်ကြီးထဲမှာ ဖေါင်တွေတည်ကြ အဲဒီဖေါင်ပေါ်မှာ တဲအိမ်တွေဆောက်ကြ ဖြစ်လာပါတယ်။ အဲဒီ မျက်နှာစိမ်းတွေဟာ ဖါးရှာငါးရှာ ကျွမ်းကျင်သူတွေဖြစ်ကြပါတယ်။ မြစ်ဝကျွန်းပေါ်ဘက်မှာ နာဂစ်မုန်းတိုင်းကြောင့် အနေအစားခက်ခဲနေခဲ့တဲ့သူတွေ ဖြစ်ကြပါတယ်။ အချိန်အနည်းငယ်အတွင်းမှာပဲ ဒေသခံတွေနဲ့ အသိအကျွမ်းတွေဖြစ်လာကြပါတယ်။ ဒေသခံကျေးရွာတွေရဲ့ ဘုရားကျောင်းကန်တွေကိုပဲ လာရောက်ဖူးမျှော်ကြပါတယ်။ ဒေသခံကျေးရွာ စာသင်ကျောင်းတွေမှာပဲ သူတို့သားသမီးတွေကို ကျောင်းလာထားကြပါတယ်။ သူတို့က ကုန်းပေါ်မှာမနေဘဲ ငါးရှာလို့ ပိုပြီးအဆင်ပြေမယ်ထင်ရတဲ့နေရာတွေမှာ ဖေါင်တွေကို စက်လှေတွေနဲ့ဆွဲ နေရာရွှေ့ပြောင်းနေထိုင်ကြပါတယ်။ တနေရာထဲမှာ အတည်မနေဘဲ နေရာတနေရာမှာ အနည်းဆုံးတစ်နှစ်၊ အများဆုံး သုံးနှစ်လောက်ပဲနေကြလေ့ရှိပြီး ငါးရှာတဲ့တံငါသည်များအဖြစ် အသက်မွေးမြူကြပါတယ်။ ကျနော်တို့ရောက်သွားတဲ့အချိန်မှာတော့ အိမ်ရှေ့မြောင်ရွာတဝိုက် ခပေါင်းဆည်ကြီးရဲ့ အထက်အောက် ရောက်လာတဲ့တံငါသည်မိသားစု အိမ်ခြေငါးရာဝန်းကျင် ရှိနေပြီလို့လည်း သိရပါတယ်။

ကျိန်တောမြောင်ရွာမှာတင် ကျောင်းလာထားတဲ့ တံငါသည်မိသားစုဝင် ငါးစုလောက်ရှိပါတယ်။ ဒီလို ဖေါင်ပေါ်နေတံငါသည်တွေရောက်လာတဲ့အချိန်တုန်းက အိမ်ရှေ့မြောင်ရွာသားတွေကတော့ ဘဝပျက်နေတဲ့အချိန်သဘောပါပဲ။ အဓမ္မရွှေ့ပြောင်းခံရတဲ့ကြားထဲ နေရာ နှစ်နေရာ ထပ်ပြောင်းကြရတာမို့ စားဖို့သောက်ဖို့အလပ်ကိုတောင်မှ ရှာကြံစားသောက်ဖို့ အချိန်လည်းမရ လုပ်စားစရာ လယ်ယာကိုင်းကျွန်းတွေကလည်း ရေအောက်ရောက်မို့ တော်တော်လေး ဒုက္ခဖြစ်ကြရပါတယ်။ မျက်နှာစိမ်းဧည့်သည်တွေလို ရေမှာကျွမ်းကျင်ပြီး ငါးရှာစားတဲ့အလုပ်ကိုလည်း မလုပ်တတ်ခဲ့ကြပါဘူး။ တစ်သက်လုံး ဘိုးစဉ်ဘောင်ဆက် လယ်ယာကိုင်းကျွန်းပဲ လုပ်ကိုင်စားသောက်နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တာမို့ နောက်မှရောက်လာတဲ့ တံငါသည်မိသားစုတွေလောက်တောင်မှ ပြောင်ပြောင်ရောင်ရောင် မရှိခဲ့ကြပါဘူး။

နောက်တော့လည်း လုပ်ကိုင်စားသောက်စရာ အခြားအလုပ်အကိုင်တွေကလည်း မရှိလောက်အောင် ရှားပါးလွန်းတော့ တံငါအလုပ်ကိုပဲ ဖေါင်ပေါ်အိမ်မိသားစုတွေဆီမှာ တံငါအလုပ်ကို တစတစသင်ယူရင်း အိမ်ရှေ့မြောင်တရွာလုံးလည်း တံငါသည်တွေဘဝ ရောက်ခဲ့ကြရတော့တာပေါ့။ လယ်သမားဘဝကနေပြီး နေ့ချင်းညချင်း တံငါသည်တွေဘဝ ကူးပြောင်းလာခဲ့ကြရပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ် ခပေါင်းဆည်ကြီး တည်ဆောက်ပြီးကာစနှစ်တွေတုန်းကဆိုရင် ဒီဆည်ကြီးထဲမှာ ဖါးငါး အင်မတန်ပေါခဲ့ပါတယ်။ တနေ့တနေ့ ငါး အနည်းဆုံး ငါးပိဿာလောက်ကတော့ အလွယ်လေးရနိုင်ပါတယ်။ အခုတော့ တနေ့ကို ငါးတစ်ပိဿာတောင် အနိုင်နိုင်ပဲ ရတော့တယ်လို့လည်း သိရပါတယ်။ ဒီကြားထဲ ငါးစျေးကလည်း ကျလာခဲ့ပါတယ်။ ကုန်စျေးနှုန်းကလည်း မြင့်လာ ငါးစျေးကလည်းကျလာဆိုတော့ကာ အိမ်ရှေ့မြောင်ရွာအဖို့ တခြားငွေပိုငွေလျှံရှိမှ အင်တိုက်အားတိုက် အကောင်အထည်ဖေါ်လို့ရတဲ့ သာရေးနာရေး ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေဘက်မှာ အားနည်းခဲ့ရပြန်ပါတယ်။ ဒီကြားထဲ ထူးခြားတဲ့အချက်က ဟိုယခင်ကတည်းက အနီးအနားမှာ စာသင်ကျောင်းမရှိခဲ့လို့ တရွာလုံး စာမတတ်ကြပြန်တော့ ရွာသားတွေဟာ တိုးတက်ဖို့အလုပ်တွေကို သူများနဲ့တန်းတူမလုပ်နိုင် မလုပ်ရဲတဲ့ဘဝနဲ့ပဲ ဆက်လက်ရုန်းကန်နေထိုင်ခဲ့ကြရတဲ့သဘောပါပဲ။

အိမ်ရှေ့မြောင်ရွာကလေးမှာ အခုတော့ ကိုယ်ထူကိုယ်ထမူလတန်းကျောင်းလေး ရှိလာပါပြီ။ တရွာလုံးစုပြီးငှားတဲ့ ကျောင်းဆရာ ရှိလာခဲ့တာလည်း နှစ်နှစ်ရှိပါပြီ။ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းလေးလည်း ဆောက်လို့ပြီးပါပြီ။ ဒုတိယတန်းအထိပညာရေးအဆင့်အတန်းကိုလည်း ပညာရေးဌာနကချပေးတဲ့ ကျောင်းဆရာ နှစ်ယောက်နဲ့ ထိန်းသင်လို့ရလာပါပြီ။ တစ်ခါတရံ ရောက်ရောက်လာတတ်တဲ့ စေတနာရှင်များနဲ့လည်း ချိတ်ဆက်ပြီး အိမ်ရှေ့မြောင်ရွာရဲ့အနာဂတ်ကို သည့်ထက်မြင့်လာအောင် စိတ်ကူးလို့ ရလာခဲ့ပါပြိီ။    ။

ဆက်လက်ဖတ်ရှုပါရန်။။
 

 

Mizzima Weekly