ရန်ကုန်တိုင်းတွင် တီဘီရောဂါကူးစက်မှု အများဆုံးဖြစ်နေ

ရန်ကုန်တိုင်းတွင် တီဘီရောဂါကူးစက်မှု အများဆုံးဖြစ်နေ
ဝေဒနာရှင် အမျိုးသမီးတစ်ဦးက ဆေးရုံမှ ပေးလိုက်သော တီဘီဆေးများကို ပြသနေစဉ်။ ဓာတ်ပုံ-EPA 

နေပြည်တော်၊ ဧပြီ ၂၄ ။       ။ ၂၀၀၉-၂၀၁၀ Global Report အရ  ရန်ကုန်တိုင်းတွင် တီဘီရောဂါကူးစက်မှု များနေပြီး၊ ဆေးယဉ်ပါး တီဘီ ၅၀ ရာခိုင်နှုန်းနှင့် ရိုးရိုးတီဘီရောဂါသည် ၂၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေကြောင်း  အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချိုချိုစန်းက ပြောသည်။

“တိုင်းဒေသကြီးပြည်နယ်မှာတော့ အားလုံးသိတဲ့အတိုင်းပဲ။ ရန်ကုန်တိုင်းက လူဦးရေလည်း အများဆုံး ဖြစ်တယ်။ လူဦးရေ သိပ်သည်းမှုကလည်း အရမ်းများတဲ့အတွက်ကြောင့်မို့လို့ ရန်ကုန်တိုင်းကတော့ ကူးစက်မှု အများဆုံးဖြစ်ပြီးတော့ တီဘီရောဂါဖြစ်ပွားမှုကလည်း ရန်ကုန်တိုင်းမှာ တစ်နိုင်ငံလုံးရဲ့ဖြစ်ပွားမှုရဲ့  ရိုးရိုး တီဘီ ၂ဝရာခိုင်နှုန်းရှိပြီးတော့ ဆေးယဉ်ပါးတီဘီဆိုရင် ၅၀ ရာခိုင်နှုန်းနီးပါးလောက်ရှိပါတယ်”ဟု ၎င်းက ပြောသည်။

၎င်းက ဆက်လက်ပြီး “ရန်ကုန်တိုင်းဆိုရင် ဟိုးအရင်ကတည်းက မိုဘိုင်းအဖွဲ့တွေနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေအထိ သွားပြီးတော့ တီဘီကို ရှာဖွေတယ်ပေါ့။ နောက်ပြီးတော့ ပြည်သူလူထုအခြေပြု ဆိုတဲ့ Volunteer  တွေနဲ့ ကျန်းမာရေးလုပ်သားတွေကို Local NGO၊ INGO တွေနဲ့ ပူးပေါင်းပြီးတော့ လူထုကြားမှာ တီဘီ သံသယလူနာတွေကို ကျန်းမာရေးဌာနကို လွှဲပြောင်းပေးတယ်။ အခုကျတော့ ဒီထက်ပိုပြီးတော့ ဆက်လုပ်ဖို့လည်း ရှိတယ်ပေ့ါ။ ဒီထက်ပိုပြီး ပူးပေါင်းပြီးတော့ လုပ်မယ်။ရနိုင်တဲ့ နည်းပေါင်းစုံ သူ့ကို ထိန်းချုပ် လုပ်နိုင်မယ့်နည်းပေါင်းစုံကို စဉ်းစားပြီးလုပ်မယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ ဧပြီ ၂၄ ရက်နေ့က နေပြည်တော်ရှိ ဟော်တယ် MAX တွင် ကျင်းပပြုလုပ်သည့်နိုင်ငံတဝှမ်းတီဘီရောဂါစစ်တမ်းကောက်ယူခြင်း(၂၀၁၇-၂၀၁၈) Dissemination Workshop တွင် ၎င်းက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

တစ်ကမ႓ာလုံး၌ တစ်နှစ်လျှင် လူဦးရေ ၁၀ သန်းခန့်သည် တီဘီရောဂါကူးစက်ခံနေရပြီး  ၁.၃ သန်းခန့် သေဆုံးနေရကြောင်းနှင့်၂၀၀၉-၂၀၁၀ မှ ကောက်ယူထားသည့် Prevalent Survey (ပျံ့နှံ့သော ကောက်ယူမှု) နှင့် မြန်မာနိုင်ငံမှ ပေးပို့သော စစ်တမ်းအရ မြန်မာနိုင်ငံတွင် လူဦးရေတစ်သိန်းတွင် တီဘီရောဂါ ၃၅၈ ဦးဖြစ်ပွားပြီး ၅၁ ဦးခန့် သေဆုံးနေသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင်းမှာတော့ လူဦးရေထူထပ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ စသည့် နေရာများတွင် အဖြစ်များပြီး မိမိကိုယ်ကိုယ် တီဘီရောဂါဖြစ်ပွားနေပြီဟု သံသယရှိပါက ကျန်းမာရေးဝန်ကြီးဌာန၏ တီဘီရောဂါ အခမဲ့ကုသပေးသည့်ဆေးခန်းများကို အမြန်ဆုံးသွားရောက်သင့်ကြောင်း ဒေါက်တာချိုချိုစန်းက ဆက်လက်ပြောသည်။

“တီဘီ သံသယရှိတယ်ဆိုရင် နီးစပ်ရင် ကျန်းမာရေးဌာနကို သွားပါ။ ဝေးရင် ပုဂ္ဂလိကဆေးခန်းတွေနဲ့ ချိတ်ထားတာရှိတယ်။ နေဆေးခန်းပေါ့။ ပြည်သူတွေက နေဆေးခန်းလို့ အသိများတယ်။ ကျွန်မတို့က PSI လို့ ခေါ်တယ်။ နောက် မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့ ပူးပေါင်းလုပ်ထားတဲ့ ဆေးခန်းတွေရှိတယ်။ အဲ့ဒီဆေးခန်းတွေကို သွားလို့ရပါတယ်။ ကျွန်မတို့ဆီက ထောက်ပံ့တဲ့ဆေးတွေနဲ့ ကုသပေးတာပါ။ အဓိကကတော့ ဆေးကုဖို့ပါပဲ။ ကိုယ်အဆင်ပြေပြီး လက်လှမ်းမီတဲ့နေရာမှာ ကုလို့ ရပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် တစ်နှစ်နှင့် တစ်နှစ် ရောဂါဖြစ်ပွားမှုနှုန်းသည် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ လျော့နည်းလာကြောင်းနှင့် Prevalent Survey (ပျံ့နှံ့သော ကောက်ယူမှု) ၂၀၀၉-၂၀၁၀ နှင့် ၂၀၁၇-၂၀၁၈ ကို နှိုင်းယှဉ်ကြည့်လျှင် ၁၀ နှစ်အတွင်း ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း သိရသည်။

“ဒီလ မေလကုန်လောက်ကျရင် WHO ရုံးချုပ်ကအဖွဲ့တွေကနေ လာပြီးတော့ ထွက်လာတဲ့ အဖြေတွေ ကိုလာကြည့်မယ် ။ ကြည့်ပြီးတော့ ပြန်တွက်ပေးမယ်။ ပြန်တွက်ပြီးတော့ ကျွန်မတို့ အဖြေက အဲ့ကျရင်ထွက်မယ်။ ဒါကတော့ Prevalent လို့ခေါ်တယ်။ခန့်မှန်းတာ ပြီးခဲ့တဲ့ဟာနဲ့ ဘယ်လောက်ကျတယ်ဆိုတာကိုခန့်မှန်းတာ တကယ်တွက်ချက်တာကတော့ ထပ်လာမယ်”ဟု အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချိုချိုစန်းကပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းကို ၂၀၀၉-၂၀၁၀ မှ ကောက်ယူထားသည့် Prevalent Survey (ပျံ့နှံ့သောကောက်ယူမှု ) ဖြင့်သာသိရှိနေရပြီး ၂၀၁၇ -၂၀၁၈ (National TB Prevalence Survey Result )ကို လာမည့်မေလတွင် ထွက်ရှိလာပါက ရောဂါဖြစ်ပွားမှုှုနှုန်း အရေအတွက် အတိအကျကို သိရှိရတော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly