လူ့ဘောင်သစ်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၃ ။            ။ လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးဇေယျက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေခင်ဗျား။ ကျွန်တော်ကတော့ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးဇေယျဖြစ်ပါတယ်။

သမိုင်းအကျဉ်း

ပထမဦးစွာ လူ့ဘောင်သစ်ပါတီသမိုင်းအကျဉ်းကို ရှင်းပြလိုပါတယ်။ လူ့ဘောင်သစ်ပါတီသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးနောက်ပိုင်းမှာ မပြီးဆုံးသေးသော ဒီမိုကရေစီအရေးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ခေါင်းဆောင်များသည် ဒီမိုကရေစီအရေးလှုပ်ရှားမှုအား ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လမ်းကြောင်းသုံးသွယ်ကို ချမှတ်ခဲ့ပါတယ်။

လမ်းကြောင်းသုံးသွယ်အရ-

(၁) အမျိုးသားနိုင်ငံရေးကို ကျယ်ပြန့်စွာလှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် ဗ-က-သများအဖွဲ့ချုပ်မှ ခေါင်းဆောင်များက ၈၈ ကျောင်းသားခေါင်းဆောင်များ၊ သပိတ်ခေါင်းဆောင်များ ၊ဒေသန္တရခေါင်းဆောင်များ ကိုစုစည်းပြီး ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ပထမအကြိမ်ပါတီညီလာခံကို ၁၉၈၉ ခုနှစ် ဧပြီ ၂၁ ရက်နေ့မှာ ရန်ကုန် တိုင်း ဝါးရုံပင်စခန်းမှာ ကျင်းပခဲ့ပါတယ်။ ၁၉၈၈(ရှစ်လေးလုံး) ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကျောင်းသားထုကိုယ်စားပြုပါတီအနေဖြင့် ရပ်တည်ဆောင်ရွက်နိုင်ခဲ့ပြီး ၁၉၈၈/၈၉/၉၀ တွင် နိုင်ငံရေးအရ ဒုတိယအကြီးမားဆုံးပါတီအနေဖြင့် ရပ်တည်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၁၉၉၁ ဒီဇင်ဘာ ၆ ရက်နေ့မှာ လူ့ဘောင်သစ်ပါတီ တရားဝင်တည်ရှိမှုကိုပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပယ်ဖျက်ခဲ့ပါတယ်။ ပါတီခေါင်းဆောင်များဟာ ပါတီလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်နိုင်ရန်ပါတီမူဝါဒများအရ ပြန်လည်ရပ်တည်ဆောင်ရွက်ခဲ့ပါတယ်။

ထိုသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ရာမှ ပါတီတရားဝင်ပြန်လည်ရပ်တည်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့၂၀၁၄ ခုနှစ် မတ်လ ၄ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအမည်ဖြင့် လျှောက်ထားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအမည်အား ပြောင်းလဲပေးရန် အကြောင်းကြားစာပေးပို့လာသဖြင့် လက်ရှိနိုင်ငံရေးလိုအပ်ချက်များအရ တရားဝင်ပါတီတစ်ရပ်အနေဖြင့်ဆောင်ရွက်နိုင်ရန် လူ့ဘောင်သစ် New Society Party (NSP) အနေဖြင့် ရပ်တည် ခဲ့ပါတယ်။ ကျွန်တော်တို့ လူ့ဘောင်သစ်ပါတီမှာ ၁၉၈၈ ခုနှစ် မူလလူ့ဘောင်သစ် အလံတော်ကို အခက်အခဲအကျပ်အတည်းများကြားမှ ၂၀၁၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် တရားဝင်ပြန်လည်ဆွဲကိုင်လွှင့်ထူနိုင်ခဲ့ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

ကျွန်တော်တို့ လူ့ဘောင်သစ်ပါတီဟာ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာတွေဟာ မလွဲမသွေဆက်စပ်ဆောင်ရွက်ရမည့် အခြေခံအချက်များဖြစ်ပါတယ်။ အတိုက်အခိုက်ပုံစံ ပီပြင်စွာတရားဝင်ထွန်းကားရန် လွှတ်တော်တွင်း/လွှတ်တော်ပ ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ ဒီမိုကရေစီအရေးလူ့အခွင့်အရေး (တရားဥပဒေစိုးမိုးရေး)၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် ရပ်တည်ဆောင်ရွက်သွားမည်။ လူ့ဘောင်သစ်ပါတီသည် ပြည်သူတစ်ရပ်လုံး ခါးစည်းခံစားနေရသော ဆင်းရဲတွင်းနက်မှု၊ ချွတ်ခြုံကျမှု ပပျောက်ရေး၊ လူမှုဒုက္ခများမှ အမြန်ဆုံးလွတ်မြောက်နိုင်ရန်ပြည်သူလူထု၏နစ်နာချက်များ လိုအပ်ချက်များအတွက် ရပ်တည်ဆောင်ရွက်သွားပါမယ်။

ရည်ရွယ်ချက်

ဒီမိုကရေစီအနှစ်သာရနဲ့ပြည်စုံပြီး ပြည်သူလူထုကိုအကျိုးပြုနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိရေး၊ ရည်ရွယ်ချက်တူ နိုင်ငံရေးပါတီများကိုစုစည်းပြီး အမျိုးသားရေးအမြင်အရ ဒီမိုကရေစီတပ်ပေါင်းစုကြီး ပေါ်ထွန်းလာရေး၊ တိုင်းရင်းသားများ၊ လူနည်းစုများရဲ့ လွတ်လပ်မှုနှင့်တန်းတူညီမျှမှု ကိုအခြေခံ တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး။

ပညာရေး

၁။ လွတ်လပ်ပြီး အဆင့်မြင့်သည့် ဒီမိုကရေစီပညာရေးစနှစ်သစ်တည်ဆောက် သွားမယ်။

၂။ နိုင်ငံသားတိုင်းအခြေခံပညာအထက်တန်းအဆင့်ထိ အခမဲ့မသင်မနေရပညာရေးစနစ်ကို ရေးဆွဲပြဋ္ဌာန်းကျင့်သုံးသွားမယ်။

၃။ တက္ကသိုလ်၊ ကောလိပ်၊ အသက်မွေးဝမ်းကျောင်းသင်ပညာရေးကျောင်းများတွင် မိမိတို့သင်ယူလိုသော ဘာသာရပ်များကို လွတ်လပ်စွာသင်ယူခွင့်ပြုသွားမယ်။

၄။ ဘာသာရပ်ဆိုင်ရာ ထူးချွန်ကျောင်းသား ကျောင်းသူများကိုစိစစ်ပြီး အစိုးရပညာသင်စရိတ်ထောက်ပံ့ရေး အစီအစဉ်များ ပြဋ္ဌာန်းသွားမယ်။

၅။ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်ပြုမယ်။

ကျန်းမာရေး

၁။ အစိုးရပိုင်ဆေးရုံဆေးခန်းများမှာ နိုင်ငံသားတိုင်း အခမဲ့ဆေးကုသခွင့်ရအောင် ဆောင်ရွက်သွားမယ်။

၂။ တစ်နိုင်ငံလုံးရှိအစိုးရပိုင်ဆေးရုံဆေးခန်းများနှင့် ပုဂ္ဂလိကပိုင်ဆေးရုံဆေးခန်းများအားလုံးကို ရောဂါရှာဖွေကုသမှုကဏ္ဍ စီမံခန့်ခွဲအုပ်ချုပ်မှုကဏ္ဍများတွင်နိုင်ငံတကာအဆင့်မီတိုးတက်လာအောင် တစ်ဆင့်ချင်း စီမံဆောင်ရွက်သွားမယ်။

၃။ ဆေးပညာကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် ဝန်ထမ်းများအား နိုင်ငံတကာအဆင့်မီဆေးပညာနှင့် ကျန်းမာရေးစောင့်ရှောက်မှုနည်းများ လေ့လာသင်ယူခွင့်ရအောင် အစိုးရစရိတ်ဖြင့် အကုန်အကျခံနိုင်အောင် တစ်ဆင့်ချင်း စီမံဆောင်ရွက်သွားမည်။

၄။ နိုင်ငံတော်ကျန်းမာရေးအသုံးစရိတ်များကို မြှင့်တင်သုံးစွဲသွားမည်။စီးပွားရေးနှင့်ဘဏ်စနစ်

၁။ လွတ်လပ်သော၊ ဈေးကွက်ကိုအခြေပြုသောစီးပွားရေးစနစ်ကို ပြဋ္ဌာန်းသွားမယ်။

၂။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသားများပိုင်စီးပွားရေးလုပ်ငန်းများ အခန်းကဏ္ဍတိုးတက်မြင့်မားလာစေရန်နဲ့ အကာအကွယ်များပေးရန် ဥပဒေများရေးဆွဲပြဋ္ဌာန်းသွားမယ်။

၃။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအားလုံးအတွက် ပွင့်လင်းမြင်သာ၍အာမခံချက်ရှိသော ရင်းနှီးမြှုပ်နှံမှုဥပဒေများပြဋ္ဌာန်းသွားမယ်။

၄။ ခေတ်မီစီးပွားရေးမူဝါဒများနှင့် လိုက်လျောညီထွေရှိစေရန် ဘဏ်စနစ်များကောင်းမွန်တိုးတက်လာအောင် နိုင်ငံတကာနှင့်အညီ ဥပဒေများ ပြဋ္ဌာန်းသွားမယ်။

၅။ နိုင်ငံတော်ဗဟိုဘဏ်(သို့) ပြည်ထောင်စုဘဏ်၏မူဝါဒများကို နိုင်ငံတကာစံနှုန်းနှင့်အညီ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းသွားမယ်။

၆။ နိုင်ငံတော်အကျိုးစီးပွားနှင့် လိုက်လျောညီထွေမှုရှိမည့် မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းပေးမယ်။

၇။ နိုင်ငံသားတိုင်း နစ်နာမှုမရှိစေရန်ခေတ်နှင့်လျော်ညီသော အခွန်စနစ်တစ်ရပ်ပြဋ္ဌာန်းပြီး နိုင်ငံသားတိုင်း အခွန်ထမ်းဆောင်စေရမယ်။

၈။ စီးပွားရေးစီမံကိန်းများအားလုံးကို ပွင့်လင်းမြင်သာမှုရှိရေး လူထုအကျိုးစီးပွားရေးမထိခိုက်စေရေး၊ သမိုင်းအမွေနှစ်ဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် အထူးကြပ်မတ်ခွင့်ပြု သွားမယ်။

စက်မှုလက်မှုကဏ္ဍ

၁။ နိုင်ငံတော်ပိုင် စက်မှုလက်မှုလုပ်ငန်းအချို့တို့ကို နိုင်ငံသား တိုင်းရင်းသားများသို့ သင့်လျော်သော အစီအမံများဖြင့် လွှဲပြောင်းပေးမယ်။

၂။ နိုင်ငံသား တိုင်းရင်းသားများပိုင် စက်မှုလက်မှုလုပ်ငန်းများ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်လာအောင် နည်းပညာရပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးပြီး ဥပဒေများ၊နည်းဥပဒေများပြဋ္ဌာန်းပေးမယ်။

၃။ နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး စက်မှုလက်မှုကဏ္ဍများ တိုးတက်ခေတ်မီစေရေးအတွက် လုံခြုံစိတ်ချရမှု၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများ ဖွင့်လှစ်ပေးမယ်။

လယ်ယာကဏ္ဍ

၁။ လယ်လုပ်သူ လယ်ပိုင်ခွင့်စနစ်ကျင့်သုံးမယ်။

၂။ လယ်ယာမြေများကို မည်သည့်အဖွဲ့အစည်းများကမဆို ဘယ်လိုအကြောင်းပြချက်နှင့်မဆို သိမ်းယူခြင်းကို ဥပဒေဖြင့်ကာကွယ်ပေးမယ်။

၃။ နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် လယ်ယာမြေအကျိုး တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုဖြစ်ခဲ့ပါက တူညီသောလယ်ယာမြေအကျိုးခံစားခွင့်လျော်ကြေး နစ်နာကြေးရရှိစေရမယ်။

၄။ စက်မှုလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍစုံမြှင့်တင်ပေးမယ်။

၅။ လွတ်လပ်စွာစိုက်ပျိုးခွင့်၊ ထုတ်လုပ်ကြိတ်ခွဲခွင့်။ ဈေးနှုန်းသတ်မှတ်သယ်ဆောင်ရောင်းဝယ်ခွင့်ရှိစေရမယ်။

၆။ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဥပဒေနှင့်အညီ ခွင့်ပြုပေးမယ်။

အလုပ်သမားကဏ္ဍ

၁။ အလုပ်သမားများသည် နိုင်ငံတကာစံနှုန်းများ၊ သဘောတူညီချက်များနှင့်အညီ လွတ်လပ်သော အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ရှိပြီး အလုပ်သမားများ၏ အခြေခံအခွင့်အရေးများ တောင်းဆိုခွင့် ရှိစေရမယ်။

၂။ ခေတ်နှင့်အညီအနိမ့်ဆုံး လုပ်ခလစာများ သတ်မှတ်ပေးမယ်။

၃။ အလုပ်သမားများနှင့်မိသားစုများဘ၀ အဆင်ပြေစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များရရှိရေးစသော လူမှုဖူလုံရေးအက်ဥပဒေများပြဋ္ဌာန်းပေးမယ်။

၄။ အလုပ်ရှင်အလုပ်သမားတို့ ပဋိပက္ခများမဖြစ်စေရေးအတွက် အငြင်းပွားမှုပြဿနာများဖြစ်ပေါ်လာပါက တစ်ဖက်စောင်းနင်းမဖြစ်စေရန် ဥပဒေနှင့်အညီတရားမျှတစွာဖြစ်စေရမယ်။

နိုင်ငံခြားရေး

၁။ နိုင်ငံတကာဆက်ဆံရေးတွင် လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးမူဝါဒကျင့်သုံးမယ်။

၂။ နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာမယ်။

၃။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေဖြင့် အိမ်နီးချင်းအာရှနိုင်ငံများ၊အာဆီယံနိုင်ငံများ၊ အမေရိက၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျစသော ကမ္ဘာ့နိုင်ငံများနှင့် ရင်းနှီးချစ်ကြည်စွာဆက်ဆံသွားမယ်။

၄။ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်များကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်။

၅။ နိုင်ငံတော်အကျိုးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ်စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမယ်။

၆။ ကုလသမဂ္ဂပဋိညာဉ်များကို လေးစားလိုက်နာမယ်။

နိုင်ငံတော်ကာကွယ်ရေး

၁။ တပ်မတော်ဟာ ပြည်သူကြားမှပေါက်ဖွားလာသော တပ်မတော်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားပြည်သူအားလုံး၏ အသက်အိုးအိမ်စည်းစိမ် အကျိုးစီးပွားအားလုံးကို ကာကွယ်ပေးရမယ်။

၂။ တပ်မတော်ဟာအစိုးရအဖွဲ့ရဲ့စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအောက်မှာရှိပြီး အစိုးရ သစ္စာခံဖြစ်ရပါမယ်။

၃။ တပ်မတော်ဟာ ပါတီနိုင်ငံရေးကင်းရှင်းပြီး မည်သည့်နိုင်ငံရေးပါတီကိုမျှ သြဇာခံခြင်း၊ ပါဝင်ပတ်သက်ခြင်းအလျဉ်းမရှိစေရပါ။

၄။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ရဲတပ်ဖွဲ့ရဲချုပ်တို့ကို သမ္မတနဲ့အစိုးရအဖွဲ့မှ တိုက်ရိုက်ခန့်ထားရမယ်။

၅။ အသက် ၁၈နှစ်ပြည့်ပြီး သတ်မှတ်ချက်များနှင့်ပြည့်စုံ၍ ကျန်းမာရေးကောင်းသူတိုင်း အများဆုံး ၂ နှစ် စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းမယ်။

၆။ ခေတ်မီ စစ်သင်တန်းကျောင်း

တက္ကသိုလ်များတည်ထောင်ပြီး တပ်မတော်နှင့်ရဲအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးမယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး

၁။ သစ်တောများ၊ တောင်များနှင့်

မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်သဘာဝသယံဇာတများနှင့်ဂေဟစနစ်များ၊ တောရိုင်းတိရစ္ဆာန်များကို အမျိုးသားစီမံချက်တစ်ခုအနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမယ်။ လိုအပ်တဲ့ဥပဒေ များကိုပြဋ္ဌာန်းပြီး လိုက်နာကြရန်စည်းရုံး၊ ပညာပေးမှုများ ဆောင်ရွက်သွားမယ်။

၂။ သစ်တောများခုတ်ထွင်မှု၊ သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုများကိုနိုင်ငံတော်အဆင့်စနစ်တကျ စီမံခန့်ခွဲမယ်။

တိုင်းရင်းသားများနှင့်ငြိမ်းချမ်းရေး ပြန်လည်သင့်မြတ်ရေး မတည်ဆောက်နိုင်သမျှကာလပတ်လုံး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝမလုပ်နိုင်ဟုလူ့ဘောင်သစ်ပါတီက အလေးအနက် ယုံကြည်ပါတယ်။၆၅ နှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဖြစ်ပွားနေသောစစ်ပွဲများကို ချက်ချင်းရပ်တန့်နိုင်အောင် ဆောင်ရွက်မယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် တန်းတူညီတူနိုင်ငံရေးဆွေးနွေးပြီး ပဋိပက္ခများကိုချုပ်ငြိမ်းစေကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး

၁။ လွှတ်တော်သည်ဥပဒေနှင့်အညီ ပြည်သူ့ဆန္ဒနှင့်အညီ တည်ထောင်ခြင်း

ဖြစ်ရကားလွှတ်တော်၌ အချုပ်အခြာအာဏာကို အောက်ပါမူများအရ ကျင့်သုံးမယ်။

(က) ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသော မဏ္ဍိုင်သုံးရပ်အားကောင်းစေလျက် မဏ္ဍိုင်တစ်ခုအပေါ်စွက်ဖက်ခြင်းမရှိစေရ။

(ခ) ဥပဒေများကိုပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်းဟူသောလောကပါလတရားတို့နှင့်အညီ သဟဇာတဖြစ်စေရမယ်။

(ဂ) နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားဟာ ပြည်သူလူထုကိုဖိနှိပ်တဲ့ပုံစံမဖြစ်စေဘဲပြည်သူလူထု၏အကျိုးစီးပွားကို သယ်ပိုးဖြည့်ဆည်းကာကွယ်ပေးမယ်၊ စီမံခန့်ခွဲမှုပုံစံဖြစ်စေရမယ်။

(ဃ) တရားစီရင်းရေးမဏ္ဍိုင်ဟာ လူမျိုးမရွေးဘာသာမရွေး တရားဥပဒေရှေ့မှောက် မှာအညီအမျှ ဖြစ်စေရမယ်။

(င) ဗဟိုတရားရုံးချုပ်ဟာ မိမိလက်အောက်ရှိ တရားရုံးများကို လွတ်လပ်ပိုင်နိုင်စွာ ကွပ်ကဲပိုင်ခွင့်ရှိစေရမယ်။

(စ) တရားစစ်ဆေးခြင်းနဲ့ဆုံးဖြတ်ခြင်းများကို ပြည်သူ့ရှေ့မှောက်မှာ ဆောင်ရွက်ရမယ်။ စွပ်စွဲခံရသူအား တရားဥပဒေနှင့်အညီ ခုခံပိုင်ခွင့်အပြည့်အဝပေးမည်။တရားသူကြီးများသည်ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်ရှိစေရမယ်။ ပြင်ပစွက်ဖက်မှုများမရှိစေရ။

အထွေထွေ

ကလေးသူငယ်နှင့်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အိုနှင့်မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးတို့ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဥပဒေများပြဋ္ဌာန်းပေးမယ်။ နိုင်ငံတော် အဆင့် စီးပွားစီမံကိန်းများကို ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သွားမည် လိုအပ်ပါက လူထုသဘောထားထောက်ခံချက်ဖြင့် ဆောင်ရွက်သွားမယ်။

ပေးဆပ်ရန်ရှိတဲ့ပြည်ပကြွေးမြီများကို ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ထားမယ်။ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအထောက်အပံ့များကိုရရှိအောင် ဆောင်ရွက်သွားမယ်။ နိုင်ငံတော်က တရားဝင်ထုတ်ဝေထားတဲ့ ငွေကြေးများကို နိုင်ငံတော်ကတာဝန်ယူခြင်းဖြင့် ပြည်သူများ၏ယုံကြည်စိတ်ချမှုကို အပြည့်အဝရှိစေရမယ်။

နိဂုံးချုပ်

ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်မှာ ငြိမ်းချမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဟာ မလွဲမသွေဆက်စပ်ဆောင်ရွက်ရမည့် အခြေခံအချက်များဖြစ် ပါတယ်။ ဒီမိုကရေစီစံနှုန်းအရ အတိုက်အခံပုံစံပီပြင်စွာ တရားဝင်ထွန်းကားရန် လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပကြိုးပမ်းဆောင်ရွက်သွားမယ်။

လက်ရှိနိုင်ငံရေးအခြေအနေများအရ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ကဏ္ဍများချွတ်ခြုံကျနေပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးခါးစည်းခံနေရတဲ့ လူမှုဒုက္ခများက အမြန်ဆုံး လွတ်မြောက်နိုင်ဖို့အတွက် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုသားချင်းများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့အတွက် တိုင်းရင်းသားညီအစ်ကိုတော်များ၊ ဒီမိုကရက်တစ်အင်အားစုများ၊ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲဆောင်ရွက် သွားမယ်လို့ ကျွန်တော်တို့ အနေဖြင့် သန္နိဋ္ဌာန်ပြုပါတယ်။

၁၉၈၈ ကျောင်းသားလူထုကိုယ်စားပြုပါတီက ယနေ့ပြည်သူလူထုကိုယ်စားပြုပါတီအဖြစ် ရပ်တည်ဆောင်ရွက်နေပါတယ်။ ပြည်သူ့အကျိုးစီးပွားသယ်ပိုးနိုင်ဖို့ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လူ့ဘောင်သစ် ပါတီ ကိုယ်စားလှယ်လောင်း ကိုးဦးအား ထောက်ခံဆန္ဒမဲပေးပါလို့ ကျွန်တော့်အနေဖြင့် ပန်ကြားလိုပါတယ်။

ပြည်သူ့ဘဝပြောင်းလဲဖို့ လူ့ဘောင်သစ်ကိုမဲပေးစို့

လူ့ဘောင်သစ်ပါတီ

 ၁။  ပါတီအမည်  -  လူ့ဘောင်သစ်ပါတီ
 ၂။  ပါတီအမည်(English)  -  New Society Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၄.၃.၂၀၁၄
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးဇေယျပါ(၁၆) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဇေယျ၊ ဦးကျော်လင်း
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၆.၃.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၉.၃.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၃.၆.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၈၅)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၀၆/၁၀၈)၊မြန်မာ့ဂုဏ်ရည်လမ်း (၉၁ လမ်းထိပ်)၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၇၃၂၄၈၅၆၇ (ဦးဇေယျ)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly