ပြုံယမ်း၊ ဧပြီ ၁၈ ။ ။ နျူကလီးယားစီမံကိန်းတွေကို အဆုံးသတ်ရေး ဆွေးနွေးပွဲတွေမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုကို မထည့်သွင်းဘဲ ဖယ်ရှားပေးဖို့ မြောက်ကိုရီးယားနိုင်ငံဟာ ဧပြီ ၁၈ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
အထီးကျန် မြောက်ကိုရီးယားနိုင်ငံက လက်နက်သစ်တစ်မျိုး စမ်းသပ်ခဲ့တဲ့လို့ နိုင်ငံပိုင်မီဒီယာကနေ ကြေညာပြီး နာရီပိုင်းမှာပဲ ခုလို တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။
ပွန်ပီယိုဟာ အဆင်အခြင်မဲ့ပြီး ရင့်ကျက်မှု မရှိဘူးလို့ ဖော်ညွှန်းလျက် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ ပွန်ပီယိုနေရာမှာ အခြားပါဝင်ဆွေးနွေးတစ်ဦးဦးနဲ့ အစားထိုးဖို့ တောင်းဆိုတာပါ။
ဒီ တောင်းဆိုချက်ဟာ ထိလွယ်ရှလွယ် သံတမန်ရေး လိပ်ခဲတည်းလည်း ဖြစ်နေတဲ့အချိန်မှာ အလှည့်အပြောင်းဖြစ်လာနိုင်တဲ့ တောင်းဆိုချက်လည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံဟာ ကင်ဂျုံးအွန်နဲ့ ဒေါ်နယ်ထရမ့်ကြား ဒီနှစ်အစောပိုင်းက ထိပ်သီးအစည်းအဝေး အရေးမလှဘဲ ပြီးဆုံးသွားပြီးနောက်မှာ ဆက်ဆံရေး ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေ ကြုံနေတာပါ။
“ဆွေးနွေးပွဲတွေမှာ ပွန်ပီယို ထပ်ပါလာမှာကို ကျွန်တော် စိုးရိမ်တယ်။ ဒီလိုသာ ပါလာတယ်ဆိုရင် ဆွေးနွေးပွဲဟာ ထပ်ပြီး အခြေအနေ မဟန် ဖြစ်ဦးမှာပဲ။ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေဦးမှာပဲ။”လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကန်ရေးရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဂျုံးဂန်းက ပြောကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။