အင်ဒိုနီးရှား ရွေးကောက်ပွဲမတိုင်မီ သမ္မတနဲ့ အတိုက်အခံ စိန်ခေါ်သူတို့ စကားစစ်ထိုး

အင်ဒိုနီးရှား ရွေးကောက်ပွဲမတိုင်မီ သမ္မတနဲ့ အတိုက်အခံ စိန်ခေါ်သူတို့ စကားစစ်ထိုး

ဂျကာတာ၊ ဧပြီ ၁၄ ။       ။ အင်ဒိုနီးရှားနိုင်ငံမှာ ရွေးကောက်ပွဲမတိုင်ခင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ စိန်ခေါ်သူ ပရာဘိုဝိုဆူဘီယန်တိုတို့ဟာ နောက်ဆုံး ရုပ်သံစကားစစ်ထိုးပွဲကို ယှဉ်ပြိုင်ကြပါတယ်။

ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီ အင်ဒိုနီးရှားနိုင်ငံမှာ ကြီးမားတဲ့ ရွေးကောက်ပွဲတွေ မတိုင်ခင်မှာ ဂျကာတာက အားကစားရုံကြီးထဲ သမ္မတ ဝီဒိုဒိုကို ထောက်ခံမှု ပြသတဲ့ လူအုပ်ကြီးဟာ တစ်သိန်းနီးပါးမျှ ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မဲဆန္ဒစစ်တမ်း ကောက်ယူမှုအရ သမ္မတလောင်းနေရာ စိန်ခေါ်သူ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ ပရာဘိုဝိုထက် သမ္မတ ဝီဒိုဒိုက ရှေ့ကဦးဆောင်နေပါတယ်။ မဲစစ်တမ်းမှာ ရလဒ်နှစ်ဆနဲ့ လက်ရှိသမ္မတက ရွေးကောက်ပွဲအတွက် ရှေ့ကဦးဆောင်လျက် ရှိတာပါ။

၎င်းတို့နှစ်ဦးဟာ ဧပြီ ၁၃ ရက် နံနက်ပိုင်းမှာ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲ ဆင်နွှဲခဲ့ပါတယ်။

အားကစားရုံအတွင်းမှာ လူအုပ်ကြီးဟာ အင်ဒိုနီးရှားအလံတွေ ဝှေ့ယမ်းရင်း ဂီတသမားတွေရဲ့ ဖျော်ဖြေမှုနဲ့အတူ လိုက်လံသီဆိုကခုန်ကြပါတယ်။

လူဦးရေ သန်း ၂၆၀ ရှိတဲ့ မွတ်စလင်အများစု အင်ဒိုနီးရှားနိုင်ငံမှာ မူမတူ ယှဉ်တွဲနေထိုင်ရေးဝါဒကို ဖော်ဆောင်မယ်လို့ ဂျိုကိုဝီလို့လည်း အများသိကြတဲ့ သမ္မတက ပြောချိန်မှာ လူအုပ်ကြီးက ကောင်းချီးပေးကြပါတယ်။

ပြိုင်ဖက် ပရာဘိုဝိုကလည်း ၎င်းရဲ့ နောက်ဆုံး မဲဆွယ်စည်းရုံးပွဲကို သောကြာနေ့က ပြုလုပ်ခဲ့ရာမှာ တက်ရောက်သူ ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။

အင်ဒိုနီးရှား ပြည်သူ သန်း ၁၉၀ ကျော်အနေနဲ့ လာမယ့် ဧပြီ ၁၇ ရက်မှာ သမ္မတ၊ လွှတ်တော်အမတ်တွေနဲ့ ဒေသန္တရတာဝန်ရှိသူတွေကို မဲပေးရွေးကောက်ကြတော့မှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူကိုယ်စားလှယ်ပေါင်း ၂၄၅၀၀၀ ရှိပြီး နိုင်ငံအနှံ့ မဲရုံပေါင်း ရှစ်သိန်းခန့် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly