ဆူဒန်မှာ စစ်တပ်က အာဏာသိမ်းပြီး သမ္မတ အိုမာ အယ်လ်ဘာရှားကို ရာထူးကနေ ဖယ်ရှား

ဆူဒန်မှာ စစ်တပ်က အာဏာသိမ်းပြီး သမ္မတ အိုမာ အယ်လ်ဘာရှားကို ရာထူးကနေ ဖယ်ရှား

ဧပြီ ၁၂ ။              ။ ဆူဒန်နိုင်ငံမှာ နှစ် ၃၀ ကျော်ကြာ အုပ်ချုပ်နေခဲ့တဲ့ သမ္မတ အိုမာ အယ်လ် ဘာရှားကို ယမန်နေ့က စစ်တပ်က ရာထူးကနေ ဖယ်ရှားပြီး နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီဖြစ်ပါတယ်။ ယင်းနိုင်ငံမှာ အစိုးရအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ လပေါင်းများစွာချီ ဖြစ်ပေါ်နေခဲ့ပြီးနောက် ခုလို သမ္မတ ရာထူးကနေ ဖြုတ်ချခံလိုက်ရတာဖြစ်ပါတယ်။

သို့ပေမယ့်လည်း ဆူဒန် ဆန္ဒပြသူတွေကတော့ လောလောလတ်လတ် အသစ်ဖွဲ့စည်းလိုက်တဲ့ စစ်တပ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ ညမထွက်ရ အမိန့်ကို လျစ်လျူရှုပြီး ယခု စစ်တပ်အာဏာသိမ်းမှုကိုလည်း ဆက်လက်ဆန္ဒပြနေကြလျက်ရှိပါတယ်။

ညပိုင်း ကာဖျူးအမိန့် ထုတ်ပြန်ထားစဉ် ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကတော့ စစ်တပ် ဌာနချုပ်အပြင်ဘက်မှာ စုရုံးရောက်ရှိ ဆန္ဒပြနေကြလျက် ရှိပါတယ်။

ယမန်နေ့ကတော့ ဆူဒန်ကာကွယ်ရေးဝန်ကြီး အေဝက်ဒ် အက်ဘ်နိုဖ် က အစိုးရကို ဖြုတ်ချလိုက်ပြီဖြစ်ကြောင်းနဲ့ သမ္မတ ဘာရှားကို လုံံခြုံတဲ့နေရာတစ်ခုမှာ ထိန်းသိမ်းထားတယ်လို့ ရုပ်သံကနေတဆင့် ကြေညာသွားခဲ့တာဖြစ်ပါတယ်။

စစ်တပ်ကောင်စီရဲ့ ကာဖျူးအမိန့် ယမန်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီစတင်အသက်ဝင်လာချိန် ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေက စစ်တပ်ဌာနချုပ်အပြင်ဘက်မှာ ထိုင်ပြီး ဆန္ဒပြနေခဲ့ကြပါတယ်။

ယင်း ကာဖျူးအမိန့်ကို ပြည်သူတွေဘက်က အာခံခြင်းမပြုကြဖို့လည်း ဆူဒန်စစ်တပ်က အစောပိုင်းတုန်းက သတိပေးထားခဲ့ပါတယ်။

လက်ရှိမှာ အခြေအနေတွေကို အမြန်ဆုံးထိန်းသိမ်းပြီး အာဏာကို အရပ်သားအုပ်ချုပ်မှု လက်ထဲ ပြန်လွှဲပေးဖို့ ဆူဒန်စစ်တပ်ကို နိုင်ငံတကာကလည်း တောင်းဆိုဖိအားပေးနေလျက်ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly