ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထား

ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၂ ။          ။ ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသောမဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား -

ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျွန်ော်ကတော့ ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းဖြစ်ပါတယ်။ မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား။ကျွန်တော်တို့ပါတီရဲ့ ဖြစ်ပေါ်လာမှုနှင့် ဖွဲ့စည်းတည်ရှိမှုတို့ကို တင်ပြမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီဟာ ၂၀၁၄ခုနှစ် နိုဝင်ဘာလမှ စတင်ကာ နိုင်ငံရေးအမြင်ရှိသူများ၊ စီးပွားရေးအမြင်ရှိသူများ၊ ပြည်သူများရဲ့ အကျိုးကိုဦးထိပ်ပန် ဆင်ကာ ပြည်သူ့အကျိုးကို ထဲထဲဝင်ဝင် ဆောင်ရွက်ပေး လိုသော အတွေ့ အကြုံရှိကြသော ပုဂ္ဂိုလ်များနှင့်စုဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ပါတီရဲ့အလံနှင့်တံဆိပ်ကိုလည်း အဖြူရောင်ခွပ်ဒေါင်းကို ကြယ် ၁၄ လုံးမှ စက်ဝိုင်းပုံသဏ္ဍန်ဝန်းရံထားပါတယ်။

အဓိပ္ပာယ်ဖော်ပြရမယ်ဆိုလျှင် ဒီမိုကရေစီပြောင်းလဲရေးအတွက်တစ်တိုင်းပြည်လုံး ဆန္ဒထုတ်ဖော်ပြသရာတွင် ယနေ့ပါတီ ဖွဲ့စည်းခဲ့သောပါဝင်ခဲ့သော ပုဂ္ဂိုလ်များသည် ကျောင်းသားအဖြစ် တည်ရှိနေရာ မှပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ကျောင်းသားများဖြစ်သည့်အတွက် ကျောင်းသားများရဲ့သင်္ကေတ (ဗိုလ်ချုပ်အောင်ဆန်းတို့မှ စတင်ခဲ့သည့်)ခွပ်ဒေါင်းအား သင်္ကေတ ယူခဲ့ပါသည်။

ယခင်က ခွပ်ဒေါင်းသည် နယ်ချဲ့ဆန့်ကျင်ရေးကာလဖြစ်သည့်အတွက် မျိုးချစ်စိတ်ရှိစေရန် အနီရောင်ဖြစ်သော်လည်း ယနေ့ကာလသည် ငြိမ်းချမ်းစွာပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးနေသည့်အတွက် အရောင်ကင်း၍အဆင်းလှသော ''အဖြူရောင်ခွပ်ဒေါင်း''ဖြစ်ပါသည်။ ဝန်းရံထားသော ကြယ် ၁၄ လုံးမှာ ကျွန်တော်တို့ရဲ့ညီနောင်များဖြစ်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သော ပြည်နယ်

ဒေသကြီး၊ တိုင်းဒေသကြီးများအတွက် သင်္ကေတအမှတ်အသားဖြစ်ပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား -

ကျွန်တော်တို့ပါတီရဲ့မူဝါဒသဘောထားများကို ဆက်လက်တင်ပြ အစီရင်ခံပါမယ်ခင်ဗျား -

နိုင်ငံခြားရေးမူဝါဒအနေဖြင့် ဘက်လိုက်မှုကင်းပြီး လွတ်လပ်၍ တရားမျှတသော မူဝါဒဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံရဲ့ လွှမ်းမိုးခြင်းကို လက်မခံဘဲ ဘက်လိုက်မှု ကင်းရှင်းခြင်းကို လက်ခံတဲ့မူဝါဒ ဖြစ်ပါတယ်။

မည်သည့်နိုင်ငံကိုမျှ ကျုးကျော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းပြုလုပ်မှာမဟုတ်သလို၊ မိမိနိုင်ငံနဲ့ တိုင်းပြည် လူမျိုးပေါ်ကိုလည်းကျုးကျော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းတို့ကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူဝါဒကို ကျင့်သုံးပါမည်။

အင်အားကြီးနိုင်ငံများ / လက်နက်အင်အားတောင့်တင်းသော နိုင်ငံများနှင့် ထိစပ်နေရသည့် ကျွန်တော်တို့ တိုင်းပြည်အတွက် အင်အားတောင့်တင်းသော ခေတ်မီလက်နက်တပ်ဆင် ထားသော ပြည်ထောင်စုတပ်မတော် တစ်ရပ်ဖြစ်တည်ရေး ဆောင်ရွက်မည့် မူဝါဒများဖြစ်ပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား -

စီးပွားရေးမူဝါဒအနေနဲ့ အခြေခံ လူတန်းစားအများစုပါဝင်သော သမဝါယမလုပ်ငန်းများဦးစားပေးပါမည်။ အခြေခံအလုပ်သမားများပါဝင်သော အသေးစားတစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်ပါမည်။ အများပိုင်ကုမ္ပဏီများပေါ်ပေါက်ရေး ဦးစားပေးပါမည်။

အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဆောင်ရွက်နိုင်ရန် မူဝါဒနှင့်အညီနိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုအား ခွင့်ပြုဆောင်ရွက်ပေးပါမည်။

ပညာရေးမူဝါဒအနေဖြင့်

မသင်မနေစနစ်အား အခြေခံပညာအထက်တန်းအထိ အဆင့်ဆင့်ဆောင်ရွက်ပေးပါမည်။ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် လူသားအရင်းအမြစ်များ ရရှိရေးအတွက် ခေတ်မီလျော်ညီသော ပညာရေးမူဝါဒချမှတ်ဆောင်ရွက်ပါမည်။

ပညာရေးအစ ဘက ပညာရေးကျောင်းကဆိုသည့် စကားအရ၊ တိုင်းရင်းသားပြည်သူအများ လေးစားယုံကြည်သည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဖွင့်လှစ်နိုင်ရေး ဦးစားပေးဆောင်ရွက်ပါမည်။

ကျန်းမာရေးမူဝါဒအနေဖြင့်

လက်ရှိနိုင်ငံတစ်ဝန်းရှိ ဆေးရုံ/ဆေးခန်းများအား နိုင်ငံတကာနှင့်ယှဉ်နိုင်စေရန် ခေတ်မီကိရိယာများတပ်ဆင်ခြင်းအား ဦးစားပေးပါမည်။ သက်ကြီးရွယ်အို အားလုံးအား ဆေးဝါးအခမဲ့ ကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက် ပေးသော ဂေဟာများ ဖွင့်လှစ်တည်ထောင်ပေးပါမည်။ ကလေးမွေးဖွားစဉ် သေဆုံးမှုလျော့ကျရေးနှင့် ကျန်းမာရေးနှင့် အသိပညာပေးမှုများအား လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မဖြစ်မနေ ဆောင်ရွက်ပေးသွားပါမည်။ တိုင်းပြည်၏ အခြေခံဒေသများဖြစ်သော မြို့များနှင့် ဝေးကွာသည့်နေရာဒေသများ၊တောင်ပေါ်ဒေသများတွင် ကျေးရွာအုပ်စုအလိုက် တိုက်နယ်ဆေးရုံတစ်ရုံစီနှင့် ကျန်ကျေးရွာများတွင် ဆေးပေးခန်း/ သားဖွားခန်းများကို ဖွင့်လှစ်နိုင်ရေး အထူးဦးစားပေးဆောင်ရွက်သွားပါမည်။

လူမှုရေးမူဝါဒအနေဖြင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ပြည်သူများ ယုံကြည်ကိုးကွယ်ရာဖြစ်သော လွတ်လပ်စွာ ကိုးကွယ်နေမှုအား ဆက်လက်၍ ကူညီပံ့ပိုးပေးသွားပါမည်။ အသင်းအဖွဲ့များအား ဥပဒေနှင့်အညီလွတ်လပ်စွာဖွဲ့စည်းတည်ထောင်နိုင်ရေး ဆောင်ရွက်ပေးပါမည်။ နိုင်ငံသားတိုင်းရရှိရမည့်တန်းတူအခွင့်အရေးရရှိမှုများအား တိုးတက်နိုင်သမျှ တိုးတက်စေရေး ဦးစားပေးပါမည်။ အခြေခံလူတန်းစား(မြေမဲ့၊ ယာမဲ) တို့၏ လူနေမှုဘဝမြှင့်တင်ရေးကိုလည်း အထူးဦးစားပေးဆောင်ရွက်သွားပါမည်။

မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့ပါတီဟာ အခြေခံလူတန်းစားများဖြစ်တဲ့ တောင်သူလယ်သမား၊ အလုပ်သမားများ အများဆုံးနေထိုင်ရာမြို့နယ်မှာ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပါတယ်။ ဒါ့ကြောင့် လယ်သမားများရဲ့ အခွင့်အရေး များကို မဆုံးရှုံး စေရန် အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လယ်သမားများရဲ့ လယ်ယာမြေများအား မှန်ကန်စွာ ပြန်လည်ရရှိရေးဖြစ်ပေါ်စေရန် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသလို လယ်သမား များရရှိမယ့် အခွင့်အရေးများကိုလည်း မှန်ကန်စွာ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ယခုကျွန်တော်တို့ပါတီ အခြေစိုက်ရာဒေသသည် စက်ရုံပေါများပြီးအလုပ်သမားထုများ များပြားစွာလုပ်ကိုင်လျက်ရှိပါတယ်။ အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်နေကြသော ညီအစ်ကိုမောင်နှမများအား ၎င်းတို့၏ အခက်အခဲများကို အဓိကထား ဦးစားပေးညှိနှိုင်းဖော်ဆောင်ပေး သွားပါမယ်လို့ ကတိပြုပါတယ်။ ရသင့်ရထိုက်သည်များကိုအမှန်တကယ်ရရှိရေး အထူးဆောင်ရွက်ပေးသွားပါမယ်လို့ ကတိပေးအပ်ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား -

အထက်ဖော်ပြခဲ့တဲ့ ကျွန်တော်တို့ပါတီရဲ့ မူဝါသများကို မိဘပြည်သူများအား တင်ပြဆွေးနွေးခြင်းသည် ယခုကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ ကိုယ်စားလှယ်များရွေးချယ်ရာတွင် အတွေးများပြီး အရွေးမမှားစေဖို့တင်ပြခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၇ အရ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ဖော်ပြချက်အား အပြည့်အဝထောက်ခံပြီး ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူအားလုံးလိုလားသော ဒီမိုကရေစီစနစ်ကို တစ်သင်း/တစ်ဖွဲ့/တစ်ပါတီတည်းမသွားဘဲ ပါတီစုံကို အခြေခံသွားခြင်းဖြစ်ကြောင်း မှန်ကန်သော လမ်းကြောင်းအဖြစ် မှတ်ယူပါတယ်။

မိဘပြည်သူများခင်ဗျား -

ကျွန်တော်တို့ပါတီဟာ အမှီအခိုကင်းပြီး အရောင်ဖြူစင်တဲ့အတွက်ဘယ်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ နောက်ကလိုက်နေရတဲ့ နောက်လိုက်တွေမဟုတ်ပါဘူး၊ ကျွန်တော်တို့ ပါတီဝင်အားလုံးဟာ ဒီမြေမှာမေါး၊ ဒီမြေမှာကြီး၊ဒီရေကို အတူသောက်ခဲ့တဲ့ ညီရင်းမောင်နှမတွေပါ။ ကျွန်တော်တို့ ကိုယ်အိမ်၊ကိုယ့်နိုင်ငံကိုပစ်ပြီး ဘယ်မှမသွားခဲ့ကြဘဲ ဒီတိုင်းပြည်ပေါ်မှာ သံယောဇဉ်ရှိစွာ နေခဲ့ကြတာပါ။ ယနေ့မဲပေးမယ့် မိဘပြည်သူများဟာ ဒီနိုင်ငံမှာမွေးရာကစ သေဆုံးသည့်တိုင် နေထိုင်လျက်ရှိကြတဲ့အတွက် စိတ်ထားမြင့်မြတ်တဲ့ လူမျိုးများဖြစ်ကြောင်း တင်ပြလိုပါတယ်။

ကျွန်တော်တို့ပါတီဟာ အခွင့်အရေးရရှိနိုင်ရေးအတွက် လောဘရမူမက်ကြီးမားသော လူများနဲ့ ဖွဲ့စည်းထားတဲ့ ပါတီမဟုတ်ပါဘူး၊ သေတူရှင်မကွာ ဒီနိုင်ငံရဲ့ ခေတ်အဆက်ဆက် တွေ့ကြုံခဲ့ရတဲ့ အခက်ခဲတွေကို ယခုလို ဖော်ဆောင်ခွင့်ရတဲ့ အချိန်မှာ မြန်မာနိုင်ငံသား စိတ်ဓာတ်အပြည့်နဲ့ ထမ်းဆောင်ချင်ပါတယ်။ အပေါ်ယံရွှေမှုန်ကြဲ အနှစ်က နွားချေးမခံပါဘူး။

အပေါ်ယံသဘောနဲ့ပြောဆိုမှုများကို ရှုတ်ချပြီး မှန်ကန်စွာ ပြောဆိုတဲ့ အခြားပါတီတွေကို မဲပေးကြပါ။အရွေးမမှားစေပါနဲ့။ ကိုယ့်တိုင်းပြည်ကို နွံထဲအကျမခံပါနဲ့လို့တင်ပြချင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်ရောက်မယ့် ကျွန်တော်တို့ပါတီကိုယ်စားလှယ်လောင်းများရဲ့ အရောင်ကင်း အဆင်းဖြူတဲ့ ဒေါင်းဖြူကို ကြယ် ၁၄ လုံးဝန်းရံထားသော ကျွန်တော်တို့ပါတီရဲ့သင်္ကေတဘေးမှာ အမှတ်တံဆိပ်ခတ်နှိပ်ပေးရင်း ရွှင်လန်းတက်ကြွစွာ မဲပေးကြပါ။ကျွန်တော်တို့ပါတီအနေဖြင့် အပြောကောင်းခြင်းမဟုတ်ဘဲ အကောင်းပြောခြင်းသာဖြစ်ကြောင်း လေးစားစွာ တင်ပြအစီရင်ခံအပ်ပါသည် ခင်ဗျာ။

ကျွန်တော်တို့ပါတီရဲ့ဆောင်ပုဒ်ကတော့

လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ၊

စဉ်ဆက်မပြတ်လူထုအတွက်၊

အားသွန်ခွန်စိုက် ထမ်းရွက်ကာ၊

ပြည်သူချစ်တဲ့ ဒေါင်းဖြူပါ။ ဖြစ်ပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူများ ရွှင်လန်းချမ်းမြေ့စေကြောင်း ဂါရဝပြု နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျား။

သာယာပါစေတို့အမိမြေ

တေးရေး/တေးဆို-စောကြီး

V1 သမိုင်းတစ်ခေတ်ဆန်းသစ်လို့လာပြီ...ဒီမိုကရေစီနိုင်ငံသစ်သို့ချီ...

ကျောင်းသားများရဲ့အားမာန်နဲ့ ...ဒီပါတီကို တည်ထောင်ခဲ့

ကြပြီ...

ဇွဲလုံ့လ ဝီရိယအားမာန်နဲ့...ပြည်သူ့အကျိုးကိုမျှော်ကိုးလို့

ရယ်...

ဘယ်နေရာမဆိုအရှေ့က မားမားမတ်ရပ်တည်... ပျော်ရွှင်ဖွယ်

ရာ နိုင်ငံသစ်သို့ချီ...

V2  မြန်မာ့သမိုင်းရဲ့ခရီးလမ်းတစ်လျှောက်မှာလည်း ... ပြည်သူ့

အကျိုးပြုလုပ်ငန်းများကို...

ကျောင်းသားများက ဦးဆောင်ပြီး…….. အသက်ပေးကာ  တာဝန်

ထမ်းခဲ့သည်...

အားလုံးရဲ့ဘဝအေးချမ်းစေဖို့ ... နိုင်ရာ တာဝန်ကိုယ်စီထမ်း

ကြပြီ...

ညီညွတ်ခြင်းနဲ့ စည်းလုံးခြင်းအားမာန်…. ဒီမိုကရေစီကိုလေ

ဖော်ဆောင်ပြီ...

CHO  ပြည်ထောင်စုမပြိုကွဲရေး...တိုင်းရင်းသားစည်းလုံးညီညွတ်

ရေး...

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး...

စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော……ဒီမိုကရေစီထွန်းကားရေး

လွတ်လပ်ခြင်းတရားမျှတခြင်းနဲ့အတူ ...လောကပါလ တရား

များ ထွန်းကားရေးအတွက် ဦးတည်ပါမည်။

V3  ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ... ပြည်သူ့အကျိုးကို

ထာဝရထမ်းရွက်မည်...

လူ့အခွင့်အရေး အပြည့်အဝရစေမည်... သန္နိဋ္ဌာန်ဧကန်

ချမှတ်ပြီ...

ပြည်သူ့အရေးနဲ့ အခြားအရေးများပါမကျန်...ဘာသာရေးနဲ့

သာသနာရေးများအတွက် ...

အတူလက်တွဲကာကြိုးစားခရီးဆက်မယ် ..သာယာပါစေ

တို့ိမီမြေ...

CHO  (ပြည်ထောင်စုမပြိုကွဲရေး...တိုင်းရင်းသားစည်းလုံးညီညွတ်

ရေး...

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး...

စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော….ဒီမိုကရေစီထွန်းကားရေး….

လွတ်လပ်ခြင်းတရားမျှတခြင်းနဲ့အတူ...လောကပါလ တရား

များ ထွန်းကားရေးအတွက် ဦးတည်ပါမည်။)၂

တို့ရဲ့မြန်မာပြည် ကြီးပွားတိုးတက်ရေးအတွက်…အစဉ်ကြိုးစား

နေမည်...

ပြည်သူ့အကျိုးပြကျောင်းသားများဒီမိုကရေစီပါတီ

 ၁။  ပါတီအမည်  -  ပြည်သူ့အကျိုးပြကျောင်းသားများဒီမိုကရေစီပါတီ
 ၂။  ပါတီအမည်(English)  -  Public Contribute Students Democracy Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၅.၁၁.၂၀၁၄
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးမင်းမင်းထွန်းပါ (၂၀)ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးမင်းမင်းထွန်း၊ဦးဌေးအောင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၉.၃.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၇.၃.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၈.၄.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၈၂)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၃၃၆/က) ဦးပုညလမ်း၊ အမှတ်(၈) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၂၁၀၃၇၉၈၈ (ဦးမင်းမင်းထွန်း) ၀၉-၄၂၀၀၂၀၀၈၃ (ဦးအောင်ဆန်း)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly