ဖိလစ်ပိုင်အပေါ် တရုတ်ရဲ့ ကျူးကျော်မှုကို သတိပေးရင်း ဆန့်ကျင်ဆန္ဒပြ

ဖိလစ်ပိုင်အပေါ် တရုတ်ရဲ့ ကျူးကျော်မှုကို သတိပေးရင်း ဆန့်ကျင်ဆန္ဒပြ

မနီလာ၊ ဧပြီ ၉ ။            ။ အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ တည်ရှိနေမှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဖိလစ်ပိုင်နိုင်ငံထဲ အာရှအင်အားကြီး တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုတွေကို ဆန့်ကျင်ပြီး မနီလာက တရုတ်သံရုံးရှေ့မှာ ဧပြီ ၉ ရက်က ဆန့်ကျင်ဆန္ဒပြကြပါတယ်။

ဖိလစ်ပိုင် နိုင်ငံတော်အလံတွေ ဝှေ့ယမ်းသယ်ဆောင်ထားကြတဲ့ စုရုံးဆန္ဒပြသူတွေဟာ ‘တရုတ် ထွက်သွား’ ဆိုကာ ဟစ်အော်ကြပါတယ်။

သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ ရေပိုင်နက်မှာ တရုတ်ရဲ့ ပိုင်နက်ကျူးမှုကို ရည်ညွှန်းပြီး ‘ကျုပ်တို့ရဲ့ အချုပ်အခြာပိုင် ရပိုင်ခွင့်တွေကို ကာကွယ်ကြ’ဆိုတဲ့ စာတမ်းတွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။

“သမ္မတ ဒူတာတေး ဦးဆောင်တဲ့ အစိုးရဟာ တုံ့ပြန်မှု အလျင်းကင်းတယ်။ တရုတ် ဘာလုပ်နေနေ။ ပိုင်နက်ကျူးကျော် လာတော့မယ့်အထိ လုပ်နေလည်း တုံဏှိဘာဝေပဲ။”လို့ အသက် ၅၃ နှစ်ရှိ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဆန္ဒပြသူ အဲလ်လက်ဇ်လီဂါစပီက အစိုးရကို ဝေဖန်ပါတယ်။

ပင်လယ်ရေပိုင်နက်အရေး တရုတ်နဲ့ အမုန်းဖက်တဲ့ အငြင်းပွားမှု လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အခြေအနေမှာ သမ္မတ ဒူတာတေးက အများအားဖြင့် ခပ်မဆိတ် နေနေခဲ့တာပါ။ ဒါပေမယ့် ဖိလစ်ပိုင် ထိန်းချုပ်ရာ သီတုကျွန်းနား တရုတ် သင်္ဘောတွေ ရာပေါင်းများစွာ ရောက်ရှိလာခဲ့ပြီးနောက်မှာတော့ တင်းမာမှု အရှိန် မြင့်တက်လာခဲ့ပါတော့တယ်။

အဲဒီ ရေပိုင်နက်မှာ တရုတ်ရေယာဉ်တွေ ရောက်ရှိနေတာဟာ တရားမဝင်ကြောင်း ဖိလစ်ပိုင်က ပြောဆိုပြီး သမ္မတ ဒူတာတေးက ကျွန်းကို ထိလာခဲ့ရင်တော့ စစ်ရေးအရ အရေးယူဖြစ်လာနိုင်တယ်လို့ပါ ခြိမ်းခြောက်ပြောဆိုလာခဲ့တာပါ။

ဒါပေမယ့် သမ္မတ ဒူတာတေးအနေနဲ့က တရုတ်နဲ့ စစ်ဖြစ်တာဟာ ရူးနှမ်းတာပဲ ဖြစ်ပြီး အင်အားကြီးတရုတ်နဲ့ ထိပ်တိုက်တွေ့လိုတဲ့ ဆန္ဒမရှိကြောင်း အရင်က ပြောဆိုထားဖူးတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly