မကွေးတွင် မသန်စွမ်းသူများအသင်းဖွဲ့စည်းရန် ရွေးကောက်ပွဲပြုလုပ်

မကွေးတွင် မသန်စွမ်းသူများအသင်းဖွဲ့စည်းရန် ရွေးကောက်ပွဲပြုလုပ်

မကွေး၊ ဧပြီ ၅ ။     ။ မကွေးတိုင်းဒေသကြီးအတွင်း မသန်စွမ်းသူများအသင်းဖွဲ့စည်းရန်အတွက် ရွေးကောက်ပွဲကို ဧပြီလ(၄)ရက် နံနက်(၉)နာရီက မကွေးမြို့ထိန်ထိန်သာခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခုအနက် မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ပခုက္ကူ ခရိုင်မှ မသန်စွမ်းသူကိုယ်စားလှယ် (၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်း ချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးညွန်အောင်ကပြောသည်။

"ကိုယ်စားလှယ်တွေက မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မသန်စွမ်းသူတွေရဲ့အကျိုးကိုဆောင်ရွက်နိုင်သူ ဖြစ်ရမယ်။ ကိုယ်တိုင် မသန်စွမ်းသူဖြစ်ရမယ်။ ကိုယ်တိုင်မသန်စွမ်းဆိုတဲ့နေရာမှာ ကိုယ်အင်္ဂါမသန်စွမ်း၊ အမြင် အာရုံမသန်စွမ်း၊ အကြားအာရုံမသန်စွမ်း၊ နောက်တစ်မျိုးက ဉာဏ်ရည်မသန်စွမ်းသူရဲ့မိဘ အုပ်ထိန်းသူ တွေကိုယ်စားလှယ်အဖြစ်ဝင်ရောက် ယှဉ်ပြိုင်လို့ရပါတယ်” ဟု ဦးညွန်အောင်က ဆိုသည်။

မကွေးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းဖွဲ့စည်းပြီးပါက မသန်စွမ်းသူများ၏စာရင်း အတိအကျ ထွက်ရှိ လာမည်ဖြစ်ပြီး အဆိုပါ စာရင်းကို အခြေခံကာ မသန်စွမ်းမှုအမျိုးအစားလိုက် ထောက်ပ့ံမှု၊ အသက်မွေး ဝမ်းကြောင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ မကွေးတိုင်းေဒေသကြီးအတွင်းမှ မသန်စွမ်းသူ (၇၅)ဦးခန့်တက်ရောက် ကြောင်းသိရသည်။

မသန်စွမ်းသူများအသင်းဖွဲ့စည်းရန်အတွက် ရွေးကောက်ပွဲကို ရန်ကုန်တိုင်း နှင့်နေပြည်တော်တို့တွင်ရွေးချယ် ပြီးဖြစ်ပြီး ယခုအခါ မကွေးတိုင်းဒေသကြီးတွင်ဆောင်ရွက်ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly