ကျောက်မျက်ကုမ္ပဏီနှင့် ကျောက်မျက်ရှာဖွေသူများ ပြဿနာဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွား

ကျောက်မျက်ကုမ္ပဏီနှင့် ကျောက်မျက်ရှာဖွေသူများ ပြဿနာဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွား
ဘောလုံးကျေးရွာနှင့် မီးလောင်ထားသည့် ကုမ္ပဏီကို ဧပြီလ ၁ ရက်(ယနှေ့) မြင်တွေ့ရသည့် မြင်ကွင်း။ (ဓာတ်ပုံ -စိုးမင်းလှိုင်)

မိုးကုတ်၊ ဧပြီ ၁ ။              ။ မတ်လ ၃၁ ရက်၊ည ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်၊ဘောလုံးကျေးရွာအနီးရှိ သက် တမ်းကုန် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီနှင့်ဒေသခံကျောက်မျက်ရှာဖွေသူများ ပြဿနာဖြစ်ပွားရာမှ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သည်။

 ဒေသခံများက သက်တမ်းကုန်နေသည့်ကုမ္ပဏီအတွင်းသို့ ကျောက်မျက်ဝင်ရောက်ရှာဖွေရာ ကုမ္ပဏီဘက်မှ တားဆီးရာမှ ပြဿနာဖြစ်ပွားခဲ့ပြီး ကုမ္ပဏီမီးရှို့ခံရခြင်းဖြစ်သည်။

ကုမ္ပဏီမှရှာဖွေပြီး စွန့်ပစ်ထားသည့် ခဲစာပုံကို ဒေသခံများက ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး ယခင်က ၎င်း စွန့်ပစ်ခဲစာပုံကို ကုမ္ပဏီဘက်က ဒေသခံများကို ရှာဖွေခွင့်ပြုထားခဲ့ကြောင်းသိရသည်။ထိုသို့ ရှာဖွေ ခွင့် ပြုထားရာမှ ကုမ္ပဏီဘက်က ရှာဖွေနေသူများကို တားဆီးခဲ့ခြင်းကြောင့် နှစ်ဖက်ပြဿ နာဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 "ဖြစ်တာက နေ့ခင်းကတည်းက နှစ်ဖက်တင်းမာမှုတွေ ဖြစ်နေကြတယ်။ အရင်က ရှာခွင့်ပေးတဲ့ ခဲစာတွေကို မရှာနဲ့ ပြန်ဆိုပြီး လုံခြုံရေး ယူထားတဲ့တပ်နဲ့ မန်နေဂျာက ပေါင်းတားတော့ ဒေသခံတွေက ပေါက်ကွဲပြီး နှစ်ဖက် ထိပ်တိုက်တွေ့တာပဲ။"ဟု ပြဿနာဖြစ်ပွားသည့်နေရာတွင်ရောက်ရှိနေသည့် ၈၈ ငြိမ်း/ပွင့်(မိုးကုတ်)မှ ဦးစိုးဌေး က ပြောသည်။

 ထိုဖြစ်စဉ်တွင် ကုမ္ပဏီမီးလောင်ရာမှတဆင့် ဘောလုံးကျေးရွာပါ မီးလောင်ဆုံးရှုံးသွာသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ ကောလာဟလသာဖြစ်သည်ဟု မိုးကုတ်ဒေသခံ ကိုးစိုးမင်းလှိုင်ကဆိုသည်။

 "ရွာလုံးကျွတ်မီးလောင်တယ်ဆိုတာ မဟုတ်ပါဘူး။ ကုမ္ပဏီအတွင်းသာ လောင်တာပါ။"ဟု ကိုစိုးမင်းလှိုင်က ပြောသည်။

 မီးလောင်ရာသို့ လာရောက်မီးငြိှမ်းသတ်သည့် မီးသတ်ကားများကို ဒေသခံတစ်ချို့က တားမြစ်မှုများရှိခဲ့သော် လည်း နောက်ပိုင်းတွင် မီးငြှိမ်းသတ်ခွင့်ပြုခဲ့သည်ဟုလည်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် မီးသတ် တစ်ဦးက ဆိုသည်။

လတ်တလောတွင် ဖြစ်စဉ်များအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ခြင်းကြောင့် မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့က တစ်စုံတရာ သတင်းထုတ်ပြန်ပေးခြင်းမရှိသေးပေ။

"သက်တမ်းကုန်သွားပြီးတဲ့နောက် မူအရ ဥပဒေအရ အစိုးရကို ပြန်အပ်ရမယ်။နောက်ပြီးတော့ သူတူးထားတဲ့ ပတ်ဝန်းကျင်ထိခိုက်တဲ့ဟာမျိုးတွေ ပြန်လုပ်ပေးရမယ်။မြေတူးထားရင်ပြန်ဖို့ပေးရမယ်။မြေတူးထားရင် ပြန်ဖို့ ပေးရမယ်။သို့သော်လည်း လက်တွေ့မှာကျ အဲလိုမဟုတ်ဘူး။ သက်တမ်းကုန်ပြီးတော့လည်း အစိုးရကို ပြန်မ အပ်ဘူး။ကျောက်မျက်ဦးစီးဌာနရဲ့ ညွှန်ကြားချက်အရနဲ့ ဆက်ပြီးတော့ ထိန်းသိမ်းထားရတယ်။ တစ်နှစ် တန် သည် သို့တည်းမဟုတ် နောက် ဥပဒေပေါ်လာရင်လည်း သူတို့နှစ်တိုးလျှောက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူရှိတဲ့ ပစ္စည်း ကရိယာတွေ အားလုံးကို ထိန်းသိမ်းဖို့ရာဆိုပြီးတော့ ထိန်းသိမ်းထားပိုင်ခွင့်ရှိတယ်ပေါ့။အခုဖြစ်တဲ့ ဌေးပိုင်း ကုမ္ပဏီကလည်း အဲဒီသဘောပါပဲ။သူဟာ သက်တမ်းကုန်ပြီးဖြစ်ပါတယ်။ဆက်ပြီးတော့ သူ့မှာရှိတဲ့ အဆောက်အဦတွေနဲ့စက်ကရိယာတွေ ဘာတွေ ထိန်းသိမ်းထားဖို့ရာ ထားတာရှိပါတယ်။အဲဒီအထဲမှာ သက်တမ်း ကုန်ပြီဆိုတာနဲ့ အရပ်သားတွေကလည်း သူတို့ ခိုးတူးပါတယ်။ဝင်တာပြုတာနဲ့ စကားများပြီးတော့ အချင်းများပြီးတော့ ဒီလိုပြဿနာဖြစ်တယ်လို့ ယေဘူယျ သိရတယ်။"ဟု မိုးကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly